8/12/2011

မြန်မာအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် နှင့်တိုင်းရင်းသားအရေး - အပိုင်း (၁)

ဗိုလ်မှူး အောင်လင်းထွဋ်| စစ်အာဏာရှင် အစိုးရသည် ၁၉၈၉ ခု နှစ်မှစ၍ ၂၀၁၀ ခုနှစ် အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၇) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနီးပါး သေနတ်သံဆဲသွားအောင် မည်သည့် အစိုးရနှင့်မှမတူဘဲ ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်သည်ဟု ပြည်တွင်းပြည်ပကို ဂုဏ်ယူ ၀ံ့ကြွားစွာ ပြောဆိုနေမှုများ ယနေ့အချိန်ခါတွင် ချုပ်ငြိမ်းသွားပြီ ဖြစ်ပါသည်။

အနှစ် ၂၀ ကျော် ပြည်တွင်းပြည်ပ၌ နိုင်ငံရေး လက်နက်အဖြစ် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၇) ဖွဲ့ နှင့် ပြေလည်အောင် ဆောင်ရွက်နေပါသည် ဆိုသည့် စကားလုံးကို တွင်တွင်ကြီး အသုံးပြုခဲ့ပါသည်။ လက်နက်ကိုင် (၁၇) ဖွဲ့ ဆိုသော်လည်း အမှန်စင်စစ် ရေတွက်ကြည့်ပါက (၁၇) ဖွဲ့ထက် ပိုသည်ကို တွေ့ရပြီး မွန်၊ ထိုင်း၊ ခွန်ဆာအဖွဲ့လိုမျိုး လက်နက်လုံးဝချလိုက်သော အဖွဲ့များ မပါသည်ကို တွေ့ရပါသည်။



အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးအရ ထိုးနှက်ရာတွင် အများဆုံး အသုံးပြုခဲ့သော စကားလုံးဆိုလျှင် မှားမည် မထင်ပါ။ ကျွန်တော် မှတ်မိ နေပါသေးသည်။

ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ခင်ညွန့်တို့ နိုင်ငံခြားခေါင်ဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ ၊ တပ်မတော်သားများနှင့် တွေ့သည့်အခါတိုင်း ´ ငါတို့က ဘယ်ခေတ် ဘယ်အခါ ဘယ်အစိုးရများမှ မလုပ်ဆောင်နိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းအောင်လုပ်ပြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်အောင် လုပ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကသာ မြန်မာနိုင်ငံ တိုးတက်သာယာဖွံ့ဖြိုးရေးကို အနှောက်အယှက်ပြုနေသည်၊ အဆိုးမြင်ဝါဒကြီးသက်သက် ကြည့်နေသည်၊ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံနေသည်၊ တပ်မတော်ကို ပြိုကွဲအောင်လုပ်နေသည် ´ ဟု စသဖြင့် အစဉ်တစိုက် နိုင်ငံရေးအရ ထိုးနှက်ခဲ့ပါတယ်။


ယနေ့ စစ်ဗိုလ်ချွတ် အာဏာရှင်အစိုးရ ခေတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကတောင် အစိုးရနှင့် ပူးတွဲ လုပ်နေပြီဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကသာ လူမျိုးရေး အမြင်ကျဉ်းမြောင်းသည့် စိတ်ဓါတ်နှင့် အကြမ်းဖက် လုပ်ငန်းကို လုပ်နေခြင်း ဖြစ်သည်ဟု ပြည်တွင်း ပြည်ပကို ၀ါဒဖြန့်နိုင်ရေး လုံးပမ်း ကြိုးစားနေကြောင်း သတင်းများအရ သိနေပါသည်။



ယခင်အနှစ် ၂၀ ကနှင့်မတူ ပြောင်းပြန် (Reverse) လုပ်ဖို့ ယခု အစိုးရ ခြေလှမ်းပြင်နေပါသည်။ ယနေ့မြန်မာအစိုးရတွင် ယခင်စစ်အစိုးရ၏ ဂတိမတည်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စစ်ပွဲများ ပြန်ဖြစ်လာရခြင်း၊ အစိုးရအသစ်ပေါ် တရုတ်နိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများ၏ အပြည့်အ၀ထောက်ခံမှု ယုံကြည်မှုမရခြင်း၊ တပ်မတော်အတွင်း အရာရှိအရာခံ အကြပ် တပ်သားများနှင့် မိသားစုများ၏ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် စစ်တပ်အတွင်း အက်ကြောင်းများ ပေါ်လာခြင်း အစရှိသည့် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ နေရပါသည်။

အဆိုပါ ကိစ္စများကြောင့် စစ်ဗိုလ်ချွတ်အစိုးရသည် ရုပ်ရှင် ဒါရိုက်တာ အနေဖြင့် အသုံးပြုနေကြ နိုင်ငံရေးနည်းနာ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးအတွက် သရုပ်ဆောင် အဖြစ်တင်ပြီး နိုင်ငံရေးရုပ်ရှင် ရိုက်ကူးကာ ပြည်တွင်းပြည်ပကို ၀ါဒဖြန့်ဖို့ စတင် ဆောင်ရွက်နေပြီ ဆိုတာ တွေ့မြင်နေရပြီ ဖြစ်ပါသည်။


န၀တ၊ နအဖခေတ် များကကဲ့သို့ပင် ပြည်တွင်းပြည်ပ၏ ဖိအားများ များလာတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံတာမျိုး၊ လွှတ်ပေးတာမျိုး၊ လုပ်ပေးတာမျိုးကို ယခု စစ်ဗိုလ်ချွတ် အစိုးရသည်လည်း ဒီလမ်းကြောင်း အတိုင်း လိုက်နေပြန်သည်ကို တွေ့မြင်နေရပြီ ဖြစ်ပါသည်။

ယခင်ဆက်ဆံရေးဝန်ကြီး ယခု လူမှုဝန်ထမ်း ၀န်ကြီးဌာန၀န်ကြီး ဦးအောင်ကြည် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အား တွေ့ဆုံမှုဖြစ်စဉ်သည် လည်းကောင်း စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားသည့် ဖြစ်စဉ်သည် လည်းကောင်း ရိုးသားမှု မရှိကြောင်း တွေ့မြင်ရပါသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အများပြည်သူမှ (NLD) ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပြီး ထောက်ခံခဲ့မှုကို လစ်လျူ မရှု နိုင်သောကြောင့် လည်ကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီ မကြသော အချို့အချက်အလက်များ ပါဝင်နေမှုကြောင့် လည်ကောင်း ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံကို ရွှေဂုံတိုင် ကြေညာချက်ဖြင့် ကန့်ကွက်ခဲ့ပြီး ပါတီ မှတ်ပုံတင်ရန် ငြင်းဆိုခဲ့သည်။

တစ်ဆက်တည်းမှာပင် (NLD) မှနေ၍ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင် မှာပင် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့် တို့ဦးဆောင်သည့် (NDF) အဖွဲ့ဆိုပြီး ကွဲထွက် သွားခဲ့သည်။

(NLD) ကို တရားဝင် ပါတီအဖြစ် အသိအမှတ်ပြုမှုကို ရပ်ဆိုင်းခဲ့ပြီး (NLD) ဟာ ပျက်သွား သယောင် ပြည်တွင်းပြည်ပကို သတင်း လွှင့်ထုတ်ခဲ့ပါသည်။

အပိုင်း(၂) ကို နောက်တစ်ပတ်တွင် ဆက်လက် ဖေါ်ပြသွားပါမည်။

source by : http://photayokeking.org

0 ယောက်ရဲ့ထင်မြင်ချက်: