အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး သို့မဟုတ် ဧရာဝတီ - အပိုင်း (၃)
ဂါမဏိ| "သောင်းကျန်းသူ နှိမ်နင်းရေး မဟာဗျူဟာ" ဆိုတဲ့ စစ်ရေးအဓိက အမြင်နဲ့ ရေလှောင်တမံတွေ ရေကာတာတွေ တည်ဆောက်သလို စစ်ကစားလှုပ်ရှားနိုင်ဖို့ စစ်ရေးအမြင်နဲ့ဘဲ နည်းပညာညံ့ဖျင်းစွာ မြစ်ကူး တံတားကြီးတွေကို တည်ဆောက်ခဲ့တဲ့အတွက် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း မြစ်ကြောင်းပျက်စီးမှုတွေလဲ ဘယ်ခေတ်နဲ့မှမတူအောင် ဖြစ်ခဲ့ရပါတယ်။ ဧရာဝတီမြစ်ကူးတံတားကြီးဖြစ်တဲ့ ညောင်တုန်းဒေသက ဗိုလ်မြတ်ထွန်းတံတားဟာ ရေလမ်း ထိန်းသိမ်းရေး ဦးစီးဌာနက မဆောက်သင့်ကြောင်း တားမြစ်သည့်ကြားက ဇွတ်အတင်း တည်ဆောက်ခဲ့လို့ ချဉ်းကပ်တံတားနဲ့ ပင်မတံတား ယိုင်နဲ့မှု ဖြစ်ပေါ်လာတယ်။
လေယဉ်ပစ်စက်သေနတ်နှင့် K.I.A စစ်သား
စစ်အုပ်စုဟာ တချက်ခုတ် သုံးချက်ပြတ်အဖြစ် ကိုယ့်အာဏာ စည်းစိမ်မြဲရေး အတွက် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ပိတ်ဆို့ကန့်သတ်ဖို့တင်မက တရုတ်၊ ကုလား၊ ယိုးဒယားတို့ သဘောကျစေဖို့နဲ့ နိုင်ငံခြားငွေရစေဖို့ နယ်ခြား ဒေသရေကာတာကြီးတွေ ဆောက်လုပ်ခဲ့ရာမှာ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာကို ဘေးချိတ် လိုက်ပါတော့တယ်။ ကိုယ့်တိုင်းပြည်က အဓိကပင်မသယံဇာတတွေကို နိုင်ငံခြားသားလက် ထိုးအပ်တာလောက် အချုပ်အခြာအာဏာ ထိခိုက်တာ မရှိပါဘူး။ အခုလို ထိုးအပ်လိုက်တာဟာ နိုင်ငံ့အသက်သွေးကြော ဧရာဝတီမြစ်ကို သေဒဏ်ပေးလိုက်တာနဲ့ အတူတူ ဖြစ်ပါတယ်။
နိုင်ငံ့ရဲ့ အသက်သွေးကြော မြစ်မကြီးတွေ၊ နိုင်ငံ့ရဲ့ အခြေခံသယံဇာတ ရင်းမြစ်တွေကို ရောင်းစားတာ၊ နိုင်ငံတွင်းက အခြေခံပြည်သူလူထုတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဘဝတွေကို ပျက်သုဉ်းစေတာဟာ တကယ်တော့ အချုပ်အခြာအာဏာကို ရောင်းစားတာ ဖျက်ဆီးတာဘဲ ဖြစ်ပါတယ်။ အထွက်ကောင်းလှတဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းမှာ အကြီးအကျယ်လိုအပ်နေတဲ့ လျှပ်စစ်မီးရရေး၊ စက်မှုထွန်းကားရေးမှာ မသုံးဘဲ ၈၀% လောက်ကို ထိုးအပ် လိုက်ကတည်းက အချုပ်အခြာအာဏာ ပါသွားခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အကြီးအကျယ်အော်နေတဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အပါအဝင် ဒို့တာဝန် အရေးသုံးပါးနဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဆိုတာ လိမ်လုံးညာလုံးတွေ ဖြစ်ကြောင်း လယ်ပြင်မှာဆင်သွားသလို ရှင်းလင်းလှပါတယ်။
ရှေ့တန်းထွက်ရန်ပြင်ဆင်နေကြသော K.I.A စစ်သားများ
တကယ်လုပ်ရမှာက သူပုန်ပြဿနာကို နိုင်ငံရေးအရဖြေရှင်းတာ (ရေကာတာတွေဆောက်လို့ သူပုန်တွေ မထိခိုက် တာကို မိုးဗြဲရေကာတာဝန်းကျင်က ရလလဖ-ပအိုဝ်းနီ၊ ကယန်း နဲ့ ဗကပ သူပုန်တွေက သက်သေပြခဲ့ပါပြီ)၊ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး အပြည့်အဝပေးတာ၊ မြစ်ဝှမ်းတလျှောက်သစ်တောတွေ ထိန်းသိမ်းတာ ပျိုးထောင်တာ၊ မြစ်ကြောင်းအနေအထား မပျက်ယွင်းစေတဲ့ မြစ်ကူးတံတားကြီးတွေ တည်ဆောက်တာ၊ မြစ်ကြောင်းပျက် အဆိပ်သင့်စေတဲ့ ရွှေတူးမှု ယူရေနီယမ်တူးမှုတွေကို ကန့်သတ်ကြီးကြပ်တာ၊ မြစ်ကြောင်းတခုလုံးကို ခေတ်မှီယန္တရား စက်ကြီးတွေနဲ့ သောင်တူး သောင်ဖြိုပစ်တာတွေ လုပ်ရမှာဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အားအတွက်လဲ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေ၊ ရေကာတာ ပညာရှင်တွေ၊ ဒေသခံ လူထုတွေဆီက သေသေချာချာ အကြံဉာဏ်ရယူပြီးမှ (လျော်ကြေးလဲ လောက်လောက်ငှငှ ပေးပြီးမှ) တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒါတွေကို ဗဟိုအစိုးရကဘဲ လုပ်နိုင်မှာဖြစ်ပေမဲ့ လက်ရှိဗဟိုအစိုးရ စစ်အာဏာရှင်တွေကတော့ တိုင်းပြည့်အချုပ်အခြာ အာဏာကို ရောင်းစားနေတာဖြစ်လို့ အခုအခါ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO က တပြည်လုံးအကျိုးအတွက် သူ နိုင်သလောက်ကို လုပ်နေပါတယ်။ အဲဒါကတော့ စစ်အစိုးရကို ရဲရဲကြီးအာဏာဖီဆန်ပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲ လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ရာဇဝင်များရဲ့သတို့သမီးကို အထည်ကြီးပျက်မုဆိုးမ မဖြစ်အောင် ကယ်တင်ဖို့တိုက်ပွဲ ဖြစ်တဲ့အပြင် ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ ပြန်လည်ရယူရေးတိုက်ပွဲလဲ ဖြစ်ပါတယ်။
တချိန်ကတော့ လောပိတ မဟာဓာတ်အားလိုင်း ဖြတ်သွားတဲ့ ကရင်နီပြည် ရှမ်းပြည်က လူထုတွေအဖို့ စိုင်းထီးဆိုင် သီချင်းထဲကလို "ဖြတ်သာသွားတယ် မနားတယ်" ဖြစ်ခဲ့ပေမဲ့ အခုတော့ ကချင်၊ ဗမာ၊ ရှမ်း၊ မွန်၊ ရခိုင် စတဲ့ တနိုင်ငံလုံးက ပြည်သူလူထုတွေအတွက် လျှပ်စစ်လိုင်းကြိုးတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေဟာ "ဖြတ်သာသွားတယ် မနားတယ်" ဖြစ်လာပါပြီ။
အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် မလုပ်တဲ့ စစ်အစိုးရ လက်ထက်မှာ ဗမာပြည် ဗဟိုချက် မန္တလေးမြို့တော်ရဲ့ မြေယာအိုးအိမ်တွေ နောက်တိုး'လူဝါ'များ လက်ထဲရောက်သွားတာ တဆက်တစပ်တည်း ဖြစ်လာပါတယ်။ သီပေါ မင်းလက်ထက် ၁၈၈၄-၈၅ ခုမှာ မန္တလေးလူဦးရေ တသိန်းနီးပါးမှာ တရုတ်ဦးရေက ၇၀၀၀ ရှိခဲ့ပါတယ်။ ဒီကနေ့ မန္တလေး လူဦးရေတသန်းမှာ တရုတ်လူဦးရေက ၄ သိန်းနီးပါးရှိနေပြီး သခင်လူတန်းစားသစ် ဖြစ်လာပါတယ်။
ရှေ့တန်းနယ်မြေမှ K.I.A စစ်သားများ
အချုပ်အခြာအာဏာဆိုတာ ဒြဗ်မဲ့ မဟုတ်ပါ။ အကောင်အထည်ရှိတဲ့ ရေ၊ မြေ တွင်းထွက် နဲ့ လူသားတွေကို ထိန်းချုပ်တာဟာ အချုပ်အခြာအာဏာကို ထိန်းချုပ်တာဖြစ်ပါတယ်။ အခု ဒါတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲဆိုတာ မန္တလေးသားတွေ သိပါတယ်၊ ကချင်ပြည်သားတွေ၊ ရခိုင်ပြည်သားတွေ၊ ရှမ်းပြည်သားတွေ၊ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ် ဆန့်ကျင်ရေး အစဉ်အလာ ကြီးမားတဲ့ မြန်မာနိုင်ငံသားတွေ သိကြပါတယ်။
ဒါကြောင့် ဒီကနေ့ ဒီအချိန်မှာ ဧရာဝတီကို ကယ်တင်ဖို့ဆိုရင် ကေအိုင်အိုရဲ့လက်နက်ကိုင် တိုက်ပွဲကို ပြည်တွင်းပြည်ပ အားလုံးက ဝိုင်းရံပံ့ပိုးပြီး ဧရာဝတီ၊ တပိန်၊ ရွှေလီ၊ သံလွင်၊ ချင်းတွင်းမြစ်တွေပေါ်က ရေကာတာ စီမံကိန်းတွေကို ရိုက်ချိုးဖျက်သိမ်းပစ်ရမှာ ဖြစ်ပါတယ်။
ကေအိုင်အိုရဲ့ ဧရာဝတီအရေးတော်ပုံကို တပြည်လုံးအနှံ့ လက်နက်ကိုင် တိုက်ပွဲတွေ လူထုတိုက်ပွဲတွေ တပ်တွင်း ပုန်ကန်မှုတွေနဲ့ ပေါင်းစပ်ဖို့ နည်းမှတပါး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အခြားလမ်းမရှိပါ။
source by : http://photayokeking.org
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment