လက်ရှိမြန်မာအစိုးရအပေါ် ထောက်လှမ်းရေးမှန်းခြေ - အပိုင်း (၂)
ဗိုလ်မှူးအောင်လင်းထွဋ်| တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေးအရာကိစ္စများနှင့် ပတ်သက်၍ လက်ရှိ အစိုးရအဖွဲ့အတွင်း သဘောထား ပျော့ပြောင်းသော သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်း တို့အုပ်စု ၊ သဘောထားတင်းမာသော ဒုသမ္မတ သီဟသူရဦးတင်အောင်မြင်ဦး၊ ဦးခင်အောင်မြင့် တို့အုပ်စု ၊ ကြားနေ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နှင့်တပ်မတော်အုပ်စု ၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ချေမှုန်းလိုသော လူယုံ ဦးအောင်သောင်းနှင့် ကြံ့ဖွံ့ပါတီ အုပ်စု ဆိုပြီး မတူညီသော အုပ်စုများ ရှိနေကြပါသည်။
လက်ရှိအစိုးရအဖွဲ့အတွက် DKBA နှင့် ဦးပန်ဖ ဦးစီးသော SSA တပ်မဟာ (၁) တို့သည် စစ်ရေးသက်သက် သဘောမျိုးအဆင့်သာ ရှိသဖြင့် ကိုင်တွယ်ရ မခက်ခဲခဲ့သော်လည်း KIA အဖွဲ့သည် စစ်ရေးရော နိုင်ငံရေးကို ထိထိရောက်ရောက် ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းကြောင့် အစိုးရအဖွဲ့အတွင်း သဘောထားကြီးမားစွာ ကွဲခဲ့ကြပါသည်။ KIA ကိစ္စတွင် အစိုးရဘက်မှ ပြည်တွင်းပြည်ပ စစ်ရေးရော နိုင်ငံရေးပါ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဒုသမ္မတ သီဟသူရဦးတင်အောင်မြင်ဦး အား အပြစ်တင်ခဲ့သလို စစ်တပ် အကျအဆုံးများမှုကြောင့်လဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တပ်မတော်အဖွဲ့ ဒေါသူပုန်ထကာ စစ်အင်အား အလုံးအရင်း အသုံးပြုချေမှုန်းရေး ခွင့်ပြုချက် တောင်းနေသည်ဟု သိရပါသည်။
ထို့ကြောင့် နည်းဗျူဟာပြောင်း၍ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ လူယုံတော် ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့ (၂) ဦးကို ကချင်ပြည်နယ် စေလွှတ်ပြီး ယာယီအပစ်ခတ်ရပ်စဲရေး ဆွေးနွေးရန် ညွှန်ကြားခဲ့ပါသည်။
တိုင်းရင်းသားအရေးကိစ္စနှင့် ပတ်သက်၍ ယခုအချိန်ထိ တိကျသော သဘောထားချမှတ်ထားခြင်း မရှိသေးဘဲ အခြေအနေကြည့်လုပ်ဆိုသည့် အဆင့်သာ ရှိနေသေးပါသည်။ တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး အသင့်ပြင်ထားရန် အမိန့်ပေးထားကြောင်း သိရပါသည်။
ပြည်တွင်းနိုင်ငံရေးတွင် တိုင်းရင်းသား လက်နက်ကိုင် အရေးသည် အရေးကြီးသလို ပြည်ပနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေးသည် အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် လျော့တွက်ခဲ့ပြီး ယခင်ကလောက် ထောက်ခံမှု အင်အားမရနိုင် ဟု တွက်ချက်ခဲ့ကြပါသည်။ သို့သော် ကမ္ဘာကြီး၏ ပြောင်းလဲနေသော ခေတ်မှီ ဆက်သွယ်ရေး စံနစ်ကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်သည် Media များ ပံ့ပိုးမှုဖြင့် ပြည်တွင်း ပြည်ပ၌ အသုံးချနိုင်ခဲ့မှုကြောင့် ထောက်ခံမှုများ ယခင်ကထက် ရခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည်လည်း ပါတီမှတ်ပုံမတင်ဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး တစ်စစ အင်အားကောင်းလာခဲ့ပါသည်။
ယနေ့ အာရပ်ကမ္ဘာတွင် ဖြစ်ပျက်နေခဲ့သော လူထု လှုပ်ရှားမှုဖြင့် အာဏာရှင် အစိုးရများကို ဖြုတ်ချနေသည့်အချိန်လဲ ဖြစ်နေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို သတိကြီးကြီးနှင့် အစိုးရအနေဖြင့် ကိုင်တွယ်နေသည်ဟု သိရပါသည်။
ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေးအရာ ကိစ္စများနှင့် ပတ်သက်၍ သရေကွင်းပေါ်လစီ (Rubber Ring Policy) တင်းလျင် လျော့ပေး လျော့ပြီး မေ့လောက်မှပြန်တင်း ဆိုသည့် ပေါ်လစီကို ကျင့်သုံး လျက်ရှိ နေသည်ကို တွေ့နေရပါသည်။
အစိုးရအာဏာပိုင် အဖွဲ့စည်းများအတွင်း၌လည်း အာဏာများပြန့်ကြဲသွားမှုကြောင့် စစ်တပ်နှင့် အရပ်ဘက် စစ်ဝတ်ချွတ် ဗိုလ်ချုပ်များအကြား ပြဿနာများ ရှိလာနေပြီ ဖြစ်ပါသည်။ စစ်ဘက်တွင် ဖြစ်တောင့်ဖြစ်ခဲ ကာကွယ်ရေးဝန်ကြီး လျာထားခံရသူ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင် ၊ ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး တိုင်းချုပ် ဟုခေါ်သော ဗိုလ်ချုပ်တင်ငွေ၊ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းတို့ ဖြုတ်ချမှုများ ဖြစ်ခဲ့ပါသည်။
ကရင်ပြည်နယ်၊ ကချင်ပြည်နယ်ဘက်တွင် တပ်မတော်ဘက်မှ အကျအဆုံး များနေမှုကြောင့် တိုက်ခိုက်ရေး တပ်ရင်းများအကြား၊ အမိန့် နာခံရန် ငြင်းဆန်မှုရှိနေကြောင်း တပ်ရင်းဌာနချုပ်များတွင်လည်း မိသားစု စားဝတ်နေရေး ပြဿနာများ ကြီးထွားလာမှုကြောင့်၊ စစ်ခေါင်းဆောင်များ အကြားတပ်မတော်အတွင်း ပုန်ကန်မှု များပေါ်ပေါက်လာမည်ကို အထူးစိုးရိမ်ကြောင့်ကျလျက် ရှိနေကြပါသည်။ အငယ်ပိုင်းဗိုလ်ချုပ်များ အနေဖြင့် လက်ရှိပြဿနာအပေါ် ဖြေရှင်းလိုကြသော်လည်း ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများအနေဖြင့် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ကွပ်ကဲမှုအောက်တွင်သာ ရှိနေသေးသဖြင့် အားမလိုအားမရ ဖြစ်နေကြကြောင်း သိရပါသည်။
သုံးသပ်ချက်
တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အရေး၊ တပ်မတော်အတွင်း တည်ငြိမ်မှု ရှိရေးတို့သည် တစ်ခုနှင့် တစ်ခု ဆက်စပ်မှုများ ရှိနေပါသည်။
တိုင်းရင်းသား လက်နက်ကိုင်များ ကိစ္စကို လက်နက်ဖြင့် ဖြေရှင်းမည်ဆိုပါက လုံးဝ မအောင်မြင်နိုင်သည့်အပြင် မိမိတပ်မတော် အတွင်းတည်ငြိမ်မှုကိုလည်း ထိခိုက်လာနိုင်ပါသည်။ ထို့ပြင် ယခင်က ပိတ်ပင်ထားခဲ့သော တိုင်းရင်းသား လက်နက်ကိုင် များသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ် ထောက်ခံမှုများ ဖြစ်လာနိုင်ပါသည်။
ထို့အပြင် နိုင်ငံတကာ၏ ကြင်နာမှု ထောက်ခံမှု များရလာနိုင်ပါသည်။ အကယ်၍ အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ယခင်ကကဲ့သို့ ဖမ်းဆီးချေမှုန်းမည် ဆိုပါက ပြည်တွင်းပြည်ပ၏ ဖိအားကို ယခင်ကနှင့်မတူ အပြင်းအထန် ဖိအားပေးမှု ခံရမည်ဖြစ်ပါသည်။ တစ်ပြိုင်တည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ လှုပ်ရှားမှု ပိုမိုများလာနိုင်ပြီး တပ်မတော်အတွင်း မိသားစု စားဝတ်နေရေးကို အကြောင်းပြုပြီး အာခံမှုများ ဖြစ်လာနိုင်ပါသည်။
ထို့ကြောင့် လက်ရှိအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ငြိမ်းချမ်ရေး ဆွေးနွေးမည်ဟု အကြောင်းပြကာ ပုစ္ဆာတစ်ခု ပေးထားပြီး လက်ရှိ ဖိအားများကို ပြေလျော့သွားရေး အချိန်ဆွဲ ထားမည် ဖြစ်ပါသည်။ တစ်ဖက်မှလည်း စစ်အင်အားပြကာ ခြောက်လှန့်ထားမည့် နည်းဗျူဟာကို ကျင့်သုံးနိုင်ပါသည်။
နိုင်ငံတကာနှင့် ပြည်တွင်း မြန်မာနိုင်ငံ လူထုအား ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနေသည်ကို အကြောင်းပြ၍ ၂၀၀၈ဖွဲ့စည်းပုံ နှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိရှိ အသိအမှတ် အပြုခံရရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
လက်ရှိ အစိုးရ အနေဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေများကို လှည့်ပတ် ရှောင်ရှားနိုင်ရန် နည်းဗျူဟာမျိုးစုံဖြင့် ကြံစည်ဆောင်ရွက်မည် ဖြစ်ပါသည်။
နောက်ဆုံး စစ်တပ်ကို အာဏာ သိမ်းခိုင်းသည့် ပုံစံမျိုးထိ ထိပ်ပိုင်း ခေါင်းဆောင်များ အနေဖြင့် စဉ်စားထားကြောင်း သိရပါသည်။ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လက်ရှိအစိုးရအား ပြန်လည် တန်ပြန်နိုင်ရေး ပီပီပြင်ပြင် မဟာဗျူဟာရေးဆွဲပြိး နည်းလမ်း နည်းဗျူဟာ များအလိုက် အသီးသီး ကိုယ့်တာဝန် ကိုယ်ယူကာ ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ လိုပါမည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူပြီး မြန်မာနိုင်ငံသားအားလုံး ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
source by : http://photayokeking.org
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment