5/22/2011

အညတြသူရဲကောင်းဆု ရရှိခဲ့သူ အညတြ သူရဲကောင်း(၃)ဦး၏ ကိုယ်ရေးအကျဉ်း.....

မြန်မာနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်က အကျဉ်းထောင်များ အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ကျော်ရှိပါတယ်...။ လူသိထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိသလို တစ်ချို့မှာလည်း နာမည်မထင်မရှားနဲ့ လူထုအတွက် ဘဝတွေပေးဆပ် တိုက်ပွဲဝင်ပြီး အသက်တွေ၊ ခန္ဓာတွေ၊ မိသားစုဘဝတွေ ဘဝတွေပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အညတြသူရဲကောင်းတွေ အများအပြားရှိပါတယ်...။  ပြည်သူကို နှိပ်စက်ညှင်းပန်းတဲ့  အာဏာရှင်အစိုးရတွေ ရှိနေသရွေ့တော့ ဒီလို ပြည်သူတွေအတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ အသြတြ သူရဲကောင်းတွေ အမြဲမပြတ် ပေါ်ထွက်နေမှာပါပဲ..။ 

ထိုသို့ နာမည်မထင်မရှား လူမသိသူမသိ အညတြသူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမအကြိမ်  အညတြသူရဲကောင်းဆုချီးမြှင့်ရေး အခမ်းအနားကို ပြည်တွင်းမှာ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ဂျပန်နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အညတြသူရဲကောင်းများ  ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပြည်ပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအသီးသီးကိုလည်း ဖိတ်မန္တက ပြုထားပါတယ်..။

ပြီးခဲ့တဲ့ ဧပြီလ(၁၇)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့က ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထမအကြိမ် အညတြသူရဲကောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆုရရှိသူ မိသားစုဝင်များအား ကိုယ်တိုင်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်...။ ထို့အတူ အဆိုပါ လူမသိသူမသိ အညတြသူရဲကောင်း (၃)ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်...။

ပထမအကြိမ် အညတြ သူရဲကောင်းအဖြစ် ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ် ၃ ဦးကတော့
ဦးဣန္ဒက၊ ဘိုးတော်ခေါ် ဦးခင်ဝင်းနဲ့ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။
ဆရာတော် ဦးဣန္ဒက
ဆရာတော် ဦးဣန္ဒက
ဆရာတော် ဦးဣန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော် ဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလက အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် ၂၆ နှစ်နဲ့ လာရှိုးထောင်မှာ ကျခံနေရ ပါတယ်။ (ကိုယ်ရေးအကျဉ်းကို ထပ်မံဖော်ပြပေးပါမယ်...)

ဘိုးတော်ခင်ဝင်း
(ဘ)ဦးအောင်သိန်း
(ဓာတ်ပုံ ရရှိပါက ထပ်မံ ဖြည့်စွက် ဖော်ပြပေးပါမယ်)
လုပ်သားများကောလိပ်မှဘွဲ့ရရှိခဲ့ပါသည်..။ ၁၉၇၄ခုနှစ် မှိုင်းရာပြည့်တွင် ပါဝင်ပြီး ဆလအစိုးရမှ ထောင်ဒဏ်ဆယ်နှစ်ကျော် ချမှတ်ခြင်းခံရပြီး ၁၉၈၁ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးသဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်..။ ထောင်တွင်းမသန့်ရှင်းမှု အစားသောက်များကြောင့် ၀မ်းကိုက်ရောဂါပိုး ပါလာပြီး ယင်းရောဂါကို ကုသရန်ဆေးခန်းပြရင်း သူနာပြုဆရာမ ဒေါ်အုံးမြိုင်နဲ့ အကြောင်းပါ အိမ်ထောင်ကျခဲ့ပါသည်။ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး.. ဆေးရုံသမဂ္ဂ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်..။ နအဖအာဏာသိမ်းပြီး ပါတီများတည်ထောင်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ခဲ့ပြီး ကမာရွတ်မြို့နယ် စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်..။ သွေးသစ်ပါတီကို တည်ထောင်ပြီး ပါတီတည်ထောင်သူ ဥက္ကဌအဖြစ်တာဝန် ထမ်းရွက်ခဲ့သည်..။ ၁၉၈၉ဂျွန်လတွင် ထပ်မံ ဖမ်းဆီးခံရပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ကွန်ယက်ထဲပါဝင်သည်ဆိုသည့် စွပ်ဆွဲချက်ဖြင့် န၀တအစိုးရမှ ထောင်ဒဏ်နှစ်နှစ်ဆယ် ထပ်မံချမှတ်ခံရသည်။ အိမ်ထောင်ဖက် ဖြစ်သူမှာလည်း သူနာပြုဆရာမ အဖြစ်မှ ဖြုတ်ပစ်ခြင်းကို ခံရသည်။ ၂၀၀၀ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာပြီး ကမာရွတ်နေအိမ်မှ ဖယ်ရှားခြင်းခံရပြီးနောက် မြောက်ဒဂုံတွင် အစားထိုးမြေကွက်ပေးသဖြင့် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြန်လည် လွတ်မြောက်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချှုပ် ကမာရွတ်မြို့နယ်စည်းအဖွဲ့ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့တို့တွင် ပြန်လည်တာဝန်ယူခဲ့သည်။ ၂၀၀၂ခုနှစ်တွင်ပြည်ပနှင့် အဆက်သွယ် လုပ်သည်ဆိုကာ ပြည်တွင်း မြေအောက်လှုပ်ရှားမှုအတွက် ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထပ်မံဖမ်းဆီးခံပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရပြန်သည်။ ယခုအခါ အင်းစိန်အကျဉ်းထောင်တွင်း လေဖြတ်ဝေဒနာခံစားနေရပြီး ထောင်တွင်းတွင် မကျန်းမမာဖြင့် နေထိုင်နေရပါသည်။ ဘိုးတော်ခင်ဝင်းသည် အာဏာရှင်အဆက်ဆက်ကို တော်လှန်ရင်း သုံးကြိမ်တိုင်တိုင် နှစ်ရှည်လများ ထောင်တွင်း ဖမ်းဆီးထိန်းသိမ်း ခံနေရပြီး အမည်နာမ မထင်မရှား သည့် အညတရသူရဲကောင်း တစ်ယောက် ဖြစ်ပါသည်။

ကိုသန်းနိုင်

မွေးသက္ကရာဇ် သြဂုတ်၊၁၉၆၆
အဘအမည် ဦးဆိုင်း(ကျောင်းဆရာ/ငြိမ်း)+အမိဒေါ်မမကြီး
မွေးချင်းရှစ်ဦးအနက် (၅)ဦးမြောက် သားဖြစ်သည်။
နေရပ်လိပ်စာ တောင်တွင်းကြီးမြို့၊ အုန်းတော(၂)လမ်း

- ၁၉၈၈မကွေးကောလိပ်၊ရုက္ခဗေဒနောက်ဆုံးနှစ်ကျောင်းသား

- ဒီမိုကရေစီ အရေးတော်ပုံကာလ- ၈၈သြဂုတ်(၁၂)ရက်နေ့၌ တောင်တွင်းကြီးမြို့တွင် စတင်သပိတ်မှောက်စဉ် ဦးဆောင်ပါဝင်ခဲ့ ပါသည်။ အရေးတော်ပုံကာလတွင်၊ ကျောင်းသာသမဂ္ဂ (တောင်တွင်းကြီးမြို့နယ်၊ ဒုဥက္ကဌ အဖြစ်လည်းကောင်း၊ မြို့နယ်သပိတ်စခန်း ကော်မတီစည်းရုံးရေးမှုး အဖြစ်လည်းကောင်း၊ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။

- ၁၉၈၉ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (တောင်တွင်းကြီးမြို့နယ် စည်းရုံးရေးမှုး)အဖြစ်လည်းကောင်း ဗ.က.သ များအဖွဲ့ချုပ် (တောင်တွင်းကြီးမြို့နယ်တွင် ပါဝင်လှုပ်ရှားခဲ့ပါသည်။ - ၁၉၈၉ မတ်လတွင် မိတ္တီလာထောက်လှမ်းရေးမှ လာရောက်ဖမ်းဆီးကာ မိတ္ထီလာစစ်ကြောရေးစခန်းတွင် (၁၈)ရက်ကြာ ကြမ်းတမ်းစွာ ရိုက်နှက် စစ်ဆေးခြင်းခံရပြီး တိုက်ပိတ်ထားခံခဲ့ရသည်။ ထိုသို့ဖမ်းဆီးခံစဉ် အ၀တ်တထည်၊ ကိုယ်တစ်ခုဖြင့်သာ နေရပြီး ရေချိုး သန့်စင်ခွင့် လုံးဝမပေးပဲ၊ မ၀ရေစာ အစာကြမ်းများ ကျွေးကာ ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် ယခုတိုင်အတွင်း  ဒဏ်ရာမျာဖြင့် မကြာခဏ နာကျင်ခံစား နေရပါသည်။ မိတ္ထီလာ စစ်ကြောရေးစခန်းတွင် (၁၈)ရက်ကြာပြီးနောက် တောင်တွင်းကြီး အချုပ်စခန်းသို့ပြန်ပို့ကာ နောက်တစ်နေ့၌ တောင်တွင်းကြီး တရားရုံးမှ ထုချေလျှောက်လဲခွင့်၊ ရှေ့နေငှားခွင့်လုံးဝမပေး၊ မည်သို့သော ပုဒ်မမှန်မသိပါပဲ၊ ထောင်ဒဏ်၇နှစ် ချမှတ်ကာ၊ သရက်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့။

- ၁၉၉၇တွင် မအေးအေးခိုင်နှင့် အိမ်ထောင်ပြုကာ သမီးနှစ်ယောက်ဖြစ်သော မအိသဉ္ဖာနိုင်နှင့် မမြတ်သိဂီင်္ ခိုင်တို့ထွန်းကားခဲ့...။ 

- ၂၀၀၃ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးများ ပြန်လည်ဖွင့်လှစ်သောအခါ မြို့နယ် NLD လူငယ်တာဝန်ခံ၊ မြေလတ်ဒေသ NLD လူငယ်စည်းရုံးရေးမှုးနှင့် မကွေးတိုင်(၂၅)မြို့နယ် လူငယ်တာဝန်ခံအဖွဲ့တွင် လည်းကောင်း တက်ကြွစွာဖြင့် ဆက်လက်လှုပ်ရှားခဲ့...။

- ၂၀၀၇ စက်တင်ဘာတော်လှန်ရေးတွင် (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့(ရန်ကုန်)နှင့်အတူ ပါဝင်လှုပ်ရှားရင်း ၂၀၀၇ စက်တင်ဘာ ၂၆ ရက်၌ ရွှေတိဂုံဘုရား အရှေ့မုဒ် တွင်ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။

- ၂၀၀၈ အောက်တိုဘာ ၂၂ တွင်အင်စိန်ထောင်မှ ထောင်ဒဏ် ၁၄နှစ် ချမှတ်ကာ ယခုတိုင် မအူပင်ထောင်တွင် အကျဉ်းခံနေရပါသည်။

အညတြသူရဲကောင်းများ  ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေး အခမ်းအနားကို တစ်နှစ်(၂)ကြိမ် ကျင်းပပြုလုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ မေလ ၁၇ရက်နေ့က သမ္မတဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ဘယ်လိုထုတ်ပြန်ခဲ့ပြီး၊ ဘယ်လို လုပ်ဆောင်ခဲ့တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ်..။ မြန်မာပြည်သူပြည်သားတွေနဲ့ နိုင်ငံတကာကို လက်ရှိအစိုးရရဲ့ စေတနာအစစ်အမှန်နဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင် စေခဲ့ပါပြီ...။ မြန်မာပြည်သူတွေ လွတ်မြောက်ရေး အတွက် အသက်တွေ၊ ဘဝတွေ၊ အနာဂတ်တွေ အဆုံးရှုံးခံ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းမှ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျွန်တော်တို့ ပြည်ပမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေ မိမိတို့ အနေနဲ့ တတ်နိုင်သလောက် ငွေအား၊လူအား၊ စိတ်ဓာတ်အားနဲ့ အင်တိုက်အားတိုက် အုတ်တစ်ချပ် သဲတစ်ပွင့် ဝင်ရောက်ကူညီပေးကြရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်....။

ဒီမိုဝေယံ..

ကိုမင်းထက်ဇော်အား ကျေးဇူးတင်ပါသည်...

ဆက်သွယ်ရန်ဖုန်းနံပါတ်များ..

81+ 080 3682 202။ 090 9828 2240။ 080 4137 7138 ။ 080 4204 9292။ 090 9917 3383။ 080 3699 6045။ 090 6658 4835။ 090 1695 3579။

ဆက်သွယ်ရန် အီးမေးလ်လိပ်စာများ...

phoezaw2004@gmail.com
mya1964320@gmail.com
laylaytokyo2005@yahoo.com

0 ယောက်ရဲ့ထင်မြင်ချက်: