အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ တယ်လီဖုန်းဖြင့် သြဝါဒ ခံယူဆွေးနွေးပွဲ မှတ်တမ်း (တိုကျို)
ယနေ့ ၂၀၁၁ ခုနှစ်၊ဖေဖေါ်ဝါရီလ၊ ၁၁ရက်နေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုပေါင်း ဖွဲ့စည်းထားသော မြန်မာ့ဒီမိုကရေစီကွန်ရက် Network for Democray in Burma(NDB)မှ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် တွေ့ဆုံ၍ သြဝါဒခံယူပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ (MINAMI OTSUKA)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ဂျပန်စံတော်ချိန် နေ့လည်(၁)နာရီ မြန်မာစံတော်ချိန်အားဖြင့် နံနက်(၁၀)နာရီခွဲတွင် စတင်၍ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက် တယ်လီဖုန်းခေါ်ဆိုပြီး ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ထံက ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအား နှုတ်ခွန်းဆက် စကားနှင့်အတူ ဒီမိုကရေစီရေးနှင့် သက်ဆိုင်သော သြဝါဒစကားကို ပြောကြားခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် The National League For Democracy Liberated Area Japan(NLD LA JB)မှလည်းကောင်း၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်(ဂျပန်ဋ္ဌာနခွဲ)မှ တာဝန်ခံဆရာတော် ဦးဓမ္မဇောတိမှလည်းကောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူတိုင်းရင်းသား ခေါင်းဆောင် အသီးသီးတို့မှလည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့နှင့် သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် မေးခွန်းများမေးမြန်းခြင်းနှင့် အမှာစကားများကို ခံယူ ဆွေးနွေးခဲ့ကြပါသည်။ အပြန်အလှန်တယ်လီဖုန်း စကားပြောချိန် ၄၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စုစုပေါင်း လူဦးရေ(၁၀၀)နီးပါးခန့် ဒေါ်အောင်ဆန်းစုကြည်၏ သြဝါဒစကားကို လာရောက် နားထောင်ခဲ့ကြပါသည်။
အခမ်းအနား အပြီးသတ်တွင် အားလုံးသော ပရိတ်သတ်မှ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုတောင်း မေတ္တာပို့သခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံရှိ မြန်မာ့၏ ဒီမိုကရေဒီ အင်အားစုများ၏ အပြန်အလှန် စကားများကို ပူးတွဲဖေါ်ပြပါအသံဖိုင်တွင် နားဆင်နိုင်ပါသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment