မြန်မာပြည်သူများသို့ တပ်မတော်သားတဦး ရဲ့ အိတ်ဖွင့်ပေးစာ
ကျနော်ကတော့ တပ်မတော် (ရေ) သို့ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ဝင်ရောက် စစ်မှုထမ်းနေတဲ့ တပ်ကြပ်ကြီးတဦး ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော့်မိသားစု ဘေးကင်းလုံခြုံရေးအတွက် ကိုယ်ပိုင်အမှတ်၊ နာမည်တွေကို တိတိကျကျ ဖော်ပြနိုင်ခြင်း မရှိတာကို နားလည်နိုင်မယ် ထင်ပါတယ်။
ယခု အချိန်အခါဟာ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ မြန်မာပြည်သူများ ဒုက္ခဆင်းရဲတွေနဲ့ ပြားပြားဝပ် နေရတာကို အထူးတလည်ပြောဖို့ မလိုအပ်ပါဘူး။ အလားတူ ဒုက္ခဆင်းရဲတွေကို မြန်မာပြည်သူတွေနဲ့တကွ ကျနော်တို့ (ကြည်း၊ ရေ၊ လေ) တပ်မတော်သားတွေပါ ခံစားနေရတာ နားလည်စေချင်ပါတယ်။
ကျနော်တို့ တပ်မတော်သားတွေထဲမှာလည်း အာဏာရှင်စနစ်ကို ရွံမုန်းသူ၊ မထောက်ခံသူ၊ လွပ်လပ်မှုကို လိုလားသူတွေ အများအပြားရှိနေပါတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာပြည်သူလူထုကြီး သိရှိ စေချင်ပါတယ်။
အာဏာရှင်စနစ်ကြောင့် တပ်မတော်သားဆိုလျှင် မုဒိမ်းကောင်၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းသူ၊ လက်နက်အားကိုး အနိုင်ကျင့်သူ စတာတွေနဲ့တွဲပြီး ကြည့်မြင်သူတွေ များနေပါတယ်။ ဒီလို ဖြစ်ရပ်တွေဟာလည်း တကယ်ကိုရှိခဲ့တာပါ။ ဒါပေမဲ့ ဒီလို ဖြစ်ရပ်တွေနဲ့ တပ်မတော်သားအားလုံးကို မရောထွေးစေချင်ပါဘူး၊ မည်သည့် လူ့အဖွဲ့အစည်းမှာမဆို အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲပြီး ရှိနေကြတာပါ၊ အမည်းရှိသလို အဖြူ လည်းရှိနိုင်တာကို သတိချပ်စေချင်ပါတယ်။
ကျနော်တို့ တပ်မတော်သားတွေဟာ အာဏာရှင်စနစ်အတွက် လက်ကိုင်တုတ်အဖြစ် အသုံးပြုခံနေရတာ၊ အထောက်အပံ့ ဖြစ်နေစေတာကို ကိုယ်တိုင်ကိုယ်ကျ နားလည်ခံစားသိရှိပါတယ်။ ကျနော်တို့ တပ်မတော်သားတွေ ကိုယ်တိုင်လည်း ရည်မှန်းချက်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေပြီး ထားရာမှာနေ စေရာကိုသွား လို့၊ တင်ပြတောင်းဆိုခွင့်ဆိုတာ လုံးဝမရှိဘဲ အာဏာရှင်စနစ်အတွက် အသက်ပေး ဆောင်ရွက်နေကြရတာပါ။ (ကိုကိုးကျွန်း ကျွန်းပတ်လမ်း၊ ရေး – ထားဝယ်ရထားလမ်း စတာတွေဟာ တပ်မတော်သားတွေရဲ့ သွေး ချွေးတွေနဲ့ ပြုလုပ်ထားတဲ့ သာဓက အနည်းငယ်ပါ)
ဟိုးတချိန်က လူဖြူ ၊လူမည်း၊ လူမျိုးရေး၊ ဘာသာရေး စသဖြင့် ခွဲခြားမှုတွေ ဖြစ်ပွားခဲ့သလိုမျိုး ယနေ့ စစ် တပ်တွင်းမှာလည်း အရာရှိနဲ့ အခြားအဆင့် တစ်ဖက်သတ် ခွဲခြားခံနေရပြီး အောက်ဆုံးမှာ ရှိနေတဲ့ အခြား အဆင့် ကျနော်တို့ တပ်မတော်သားတွေဟာ ပြားပြားဝပ်နေအောင် ခွဲခြားနှိပ်ကွပ် ဆက်ဆံခံနေရတာပါ။
အာဏာရှင် စနစ်ချုပ်ငြိမ်းသွားစေဖို့အတွက် အခြေအနေ၊ အချိန်အခါ၊ အခွင့်အရေးတွေများ ပေါ်ခဲ့ မယ်ဆိုရင် မြန်မာပြည်သူတွေနဲ့အတူ တပ်မတော်သားတွေအများအပြား အာဏာရှင်စနစ် တိုက်ဖျက်ဖို့အတွက် စောင့်ဆိုင်းနေကြတယ်ဆိုတာကို မြန်မာပြည်သူများ သိရှိနိုင်ကြပါစေ။
နောက်ဆုံးအနေနဲ့ ပန်ကြားလိုတာကတော့ အာဏာရှင်စနစ် တွန်းလှန်တဲ့တော်လှန်ရေးမှာ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ မြန်မာမျိုးဆက်သစ်လူငယ်တွေ တက်ကြွစွာပါဝင်ပြီး တစည်းတလုံးတည်း ညီညွှတ်စွာ ပါဝင်နိုင်ကြပါစေ ခင်ဗျား။
စိုးသူရ
တပ်ကြပ်ကြီးစာရေးတဦး (တပ်မတော်ရေ)
source by : http://www.naytthit.net
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment