1/18/2011

သင်္ဘောသား ပြန်ပေး နောက် ၁၁ ယောက်

ကျော်ခ | မြန်မာသင်္ဘောသား ၁၁ ဦးလိုက်ပါသည့် Samho Jewelry ကိုရီးယား ကုန်တင်သင်္ဘော စနေနေ့က အာရပ်ပင်လယ်ထဲတွင် ဆိုမာလီ ဓားပြများ ပြန်ပေးဆွဲခံလိုက်ရကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အသင်းက ပြောသည်။

ပြန်ပေးဆွဲခံရချိန်တွင် သင်္ဘောပေါ်တွင် ဓာတု ပစ္စည်း တန်ချိန် ၁ သောင်းကျော်နှင့် မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင် ကိုရီးယား ၈ ဦးနှင့် အင်ဒိုနီးရှား ၂ ဦး စုစုပေါင်း ၂၁ ဦး ပါသွားသည်။

“ကျနော်တို့ ရတဲ့အချက်တွေအရတော့ ပြီးခဲ့တဲ့
စနေနေ့က အဖမ်းခံရတယ်။ ရန်ကုန် Samho Shipping ကုမ္ပဏီရုံးခွဲကပို့ တဲ့ မြန်မာ ၁၁ ယောက်လဲပါတယ်။ ဒီကိစ္စကိုတော့ သူတို့ထုတ်ပြန်မထားဘူး။ မိသားစုဝင်တွေကိုတော့ ပြောပြထားမှာပေါ့”ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ဗဟိုဦးစီးအဖွဲ့ဝင် ဦးဌေးအောင်က ပြောသည်။

ဓာတုပစ္စည်းများတင်ဆောင်လာသည့် အဆိုပါ သင်္ဘော အာရပ်စော်ဘွားများ ပြည်ထောင်စု UAE မှ သီရိလင်္ကာသို့ ဦးတည်ခုတ်မောင်းနေစဉ် ပြန်ပေးဆွဲခံရသည်။

ယခုအခါ ဆိုမာလီဓားပြများ ပြန်ပေးဆွဲခံထားရသူ မြန်မာသင်္ဘောသား ၃၄ ဦးရှိသွားပြီ ဖြစ်သည်။

ယခင်လ ၁ဝ ရက်က မြန်မာသင်္ဘောသား ၂၃ ဦးပါ MV. Panama လိုင်ဘေးရီးယား ကုန်တင် သင်္ဘော တန်ဇန်နီးယား နိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာအသွား လမ်းတွင် ဆိုမာလီ ဓားပြ ၅ ဦးက ပြန်ပေးဆွဲသွားသည်။

အဆိုပါ မြန်မာသင်္ဘောသား ၂၃ ဦးမှာ ကျန်းမာလျက်ရှိပြီး မိသားစုနှင့် ဖုန်းအဆက်အသွယ်ရကြောင်း သင်္ဘောကုမ္ပဏီ ရန်ကုန်ရုံးခွဲ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

source by :(မဇ္ဈိမ)

0 ယောက်ရဲ့ထင်မြင်ချက်: