12/10/2010

ကျောင်းသားတပ်မတော် စစ်ကော်မရှင် အတွင်းရေးမှူးနှင့် မေးမြန်းခန်း

ဒီကနေ့မှာ ဖလူးဒေသမှာ ဖြစ်နေတဲ့ ဒီကေဘီအေ နအဖ တိုက်ပွဲတွေ ရပ်နားနေပါတယ်။
ဒါပေမယ့် မနေ့က ဆုတ်ခွာသွားတဲ့ နအဖတပ်တွေ နောက်ကို လိုက်လံ ရှင်းလင်းနေတယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ပူးတွဲတိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်သားတပ်မတော်) စစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်ခင်ကျော် ကို ဒီဗွီဘီ သတင်းထောက် မောင်တူး မှ ဆက်သွယ် မေးမြန်းထားပါတယ်။

မောင်တူး။ ။ ဗိုလ်ခင်ကျော်လားခင်ဗျ၊ ဒီနေ့ တိုက်ပွဲ အခြေအနေလေး ပြောပြပါဦး။

ရဲဘော်ခင်ကျော်။ ။ “ဒီနေ့က တိုက်ပွဲတော့ မရှိဘူး၊ မနေ့က ရွှေပြည်သာက ဆုတ်ခွာသွားတဲ့ ရန်သူနောက်ကိုတော့ ရှာဖွေတာ လိုက်လံရှင်းလင်းတာ ဒါပဲရှိတယ်။” နအဖဘက်က တပ်လန်ပြီးတော့ ဆုတ်ခွာသွားတာ ရှိတယ်ပေါ့။

မောင်တူး။ ။ဘယ်တပ်ရင်းတွေလဲ ခင်ဗျ။

ရဲဘော်ခင်ကျော်။ ။ “မနေ့က ဝေါ်လေဘက်မှာ ပထမဦးဆုံး အခြေပြုထားတဲ့ ဗျူဟာပေါ့။ ဗျူဟာနဲ့ ၂ ရင်း၊ နောက်တခါ ၁၂ လက်အောက်ခံ တပ်ရင်း ၂ ရင်းပေါ့။ ၅၄၇ နဲ့ ၂၃ဝ၊ မနေ့က ဖြစ်သွားတဲ့ အဲဒီ ဖရိုဖရဲနဲ့ တချို့တပ်တွေ ထွက်သွားကြတယ်လေ။ အဲဒီနောက်ကို လိုက်ပြီးတော့ လိုက်လံရှင်းလင်းနေတဲ့ အပိုင်းတွေ ရှိတယ်။”

မောင်တူး။ ။ ကျနော်တို့ ဒီနေ့ ကြားနေတာ နအဖဘက်ကနေပြီးတော့ ပေါ်တာတွေ ဆွဲထားတယ်၊ တောင်ကုန်း တက်မယ် အဲဒီလိုမျိုး ကျနော်တို့ ကြားနေလို့ဗျ။

ရဲဘော်ခင်ကျော်။ ။ “ဖြစ်နိုင်ခြေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်းတော့ သူတို့ နေဖို့တော့ မရှိဘူး။ တပ်တွေ ဒီလောက်အထိနာနေတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေတဲ့ အလေ့အထတော့ ရန်သူမှာတော့ မရှိဘူး။ သို့သော်ငြားလည်းပဲ တဖက်က စစ်မျက်နှာတွေ အကျယ်အပြန့် ဖွင့်ထားသလို ဖြစ်တယ်။ ပြည်တွင်းလို နေရာမျိုးတွေ၊ ပြီးတဲ့အခါကျတော့ တခြား တပ်မဟာတွေ၊ အက်စ်အက်စ်အေလို နေရာမျိုးတွေ၊ ဒီလိုနေရာမျိုးတွေမှာ တိုက်ပွဲတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတော့ ဒီလိုနေရာက အခု လက်ရှိဖြစ်နေတဲ့ ဝေါ်လေလို နေရာမျိုးကို သူတို့အနေနဲ့ စစ်ကူလာပြီးတော့ ထိုးစစ်ကြီးကြီးမားမား ဆင်ဖို့ နှောင့်နှေးနေတဲ့ သဘောပါပဲ။ အနှေးနဲ့အမြန်ကတော့ ကျနော်ထင်တယ်။ စစ်ဆင်ရေး တခုခုတော့ လုပ်လိမ့်မယ်လို့ အဲဒီလို သုံးသပ်ကြည့်တယ်။”

မောင်တူး။ ။ မာနယ်ပလောဘက်က တိုက်ပွဲတွေ အခြေအနေကကော ဘယ်လို ရှိပါသလဲခင်ဗျ။

ရဲဘော်ခင်ကျော်။ ။ “မာနယ်ပလောမှာလည်း ဝေါ်လေလိုပဲ အလားတူပေါ့။ အဲဒီ ကချောဝါးလေးတောင်ကို တက်ပြီးတော့ ပစ်တယ်။ ပြီးတဲ့အခါကျတော့ အဲဒီအဖွဲ့ကို တုံ့ပြန်လာတဲ့ ရန်သူ၊ တုံ့ပြန်တဲ့ အနေနဲ့ ရန်သူစစ်ကူတွေလာတဲ့ လမ်းတွေကို ဖြတ်ထားတယ်။ အဲဒီလိုပဲ အဲဒီ စခန်းကုန်းမှာ ရှိတာနဲ့ ဒီ စစ်ကူတွေ အခု ဝေါ်လေလို ဟာမျိုးပဲ ဖြတ်ထားတဲ့ သဘောတော့ ရှိတယ်လို့ ကြားတယ်။”

မောင်တူး။ ။ အဲဒီဘက်မှာ ဒီ စစ်ကူတွေ မလာနိုင်အောင် ဆိုပြီးတော့ တံတားတွေ ၇ စင်း တောင်မှ ချိုးထားတယ် ဆိုတာမျိုးတွေလည်း ကျနော်တို့ ကြားရလို့ အဲဒီ အခြေအနေကကောဗျ။

ရဲဘော်ခင်ကျော်။ ။ “ပုံမှန်ကတော့ နှစ်စဉ်နှစ်တိုင်း လုပ်လေ့လုပ်ထ ရှိတဲ့ဟာပဲ။ ရန်သူက ဒီအချိန်ဆိုရင် ရှေ့တန်းမှာ ရှိနေတဲ့ နယ်စပ်အခြေပြု စခန်းတွေအတွက်ကို ရိက္ခာ သယ်ယူ ပို့ဆောင်ရေး ကိစ္စတွေလုပ်တယ်။ အဲဒီလို သယ်နိုင်ဖို့အတွက်ကို အဲဒီ ရိက္ခာသယ်မယ့် လမ်းကြောင်းတွေကို ပုံမှန် ဒီလိုအခြေအနေမျိုးတွေမှာ ပြန်လည် ပြုပြင်တာတွေ ရှိတယ်။ အဲဒီအခါမျိုးမှာလည်း ဒီဘက်က လက်နက်ကိုင် အင်းအားစုတွေနဲ့ ရန်သူရဲ့ ပြုမူဆောင်ရွက်ချက်တွေကို အမြဲတမ်း နှောင့်နှေးကြန့်ကြာအောင် တိုက်ပွဲကြီးငယ်တွေ လုပ်တယ်။ ပြီးတဲ့အခါကျတော့ လမ်းကြောင်းတွေကို အတတ်နိုင်ဆုံး ရန်သူအနေနဲ့ ချောချောမွေ့မွေ့ အသုံးမပြုနိုင်အောင် လုပ်လေ့လုပ်ထရှိတဲ့ အပိုင်းတော့ ရှိတယ်။ ဒါကတော့ သိပ်ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။”

မောင်တူး။ ။ မဲပေးပွဲကနေ စတာပေါ့။ နောက်နေ့ ၇ ရက်၊ ၈ ရက် တိုက်ပွဲတွေ ဖြစ်လာတယ်။ အခုဆိုရင် တလပြည့်လာပြီပေါ့လေ။ ကျောင်းသားတပ်မတော်ပါ ဒီကေဘီအေနဲ့ ပေါင်းတိုက်နေပြီ။ ရှေ့ဆက်ပြီးတော့ တိုက်ပွဲတွေ အခြေအနေက ဘယ်လိုများ ဆက်ဖြစ်လာနိုင်ပါသလဲခင်ဗျ။

ရဲဘော်ခင်ကျော်။ ။ “ပထမဦးဆုံး စဖြစ်ကတည်းကိုက ကျနော်တို့ သုံးသပ်တာက ဒီအပစ်အခတ်တွေကို ရပ်ကြဖို့အတွက် ရန်သူအနေနဲ့ ဘယ်လို လုပ်သင့်သလဲပေါ့။

ပထမတနည်းကတော့ သူတို့ လုပ်နိုင်မယ်ဆိုရင် လုပ်လို့ ရတဲ့နည်းကတော့ ပြန်ပြီးတော့ ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ နည်းပေါ့။

ဒုတိယ နည်းကတော့ သူတို့ အမြဲတမ်း သုံးလေ့သုံးထရှိတဲ့ အခုလိုမျိုး စစ်ရေးအရ ပြန်တိုက်တဲ့နည်း။

ဒီ နည်းလမ်း ၂ ခု ထဲက ဘယ်ဟာကို သုံးမလဲလို့ ပြန်သုံးသပ်ကြည့်တဲ့အခါကျတော့ ပထမနည်းကတော့ တော်တော် ဝေးသွားပြီ။ ဆိုတော့ လွန်ခဲ့တဲ့ ကာလမှာလည်း တိုက်ပွဲတွေ ဖြစ်နေရင်းနဲ့ပဲ နအဖက လာညှိနှိုင်းတာတွေ ရှိတယ်။ အဲဒီ ညှိနှိုင်းချက်တွေမှာ ဆိုလို့ရှိရင် လက်နက်အပ်ဖို့ ဆိုတာမျိုးပဲ ဖြစ်တယ်။

အထူးသဖြင့် ဒီကေဘီအေနဲ့ ဖြစ်တဲ့ကိစ္စကို ပြောတာပေါ့။ ဒါပေမယ့် ဒီကေဘီအေကလည်း ဘာပဲပြောပြော နိုင်ငံရေးအရ အခြေခံပြီး ဖြစ်လာတဲ့ စစ်ပွဲဆိုတော့ သူတို့ နိုင်ငံရေးရည်မှန်းချက် မရမချင်းတော့ ဆက်တိုက်သွားဖို့ပဲ ရှိတယ်။ ရန်သူကလည်း အလျှော့ပေးမှာ မဟုတ်ဘူးလေ။ အဲဒီအတွက်ကြောင့် တိုက်ပွဲတွေကတော့ ဆက်ပြီးတော့ ဖြစ်မှာပဲလို့ ကျနော်တို့ကတော့ ယုံကြည်နေတယ်။”

မောင်တူး။ ။ နောက်ဆုံးအနေနဲ့ ပေါ့နော်။ မဲပေးပွဲကနေ ပြန်စလာတယ်၊ ပြည်တွင်းစစ်တိုက်ပွဲပေါ့။ ဒီကေဘီအေနဲ့ ပေါင်းပြီး ကျောင်းသားတပ်မတော်က တိုက်နေပြီ။ ဒီလို တိုက်နေတဲ့ အချိန်မှာ ကျောင်းသားတပ်မတော်ကို အားပေးနေတဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေကို ဘာများ နောက်ဆုံးအနေနဲ့ ပြောချင်တာ မှာချင်တာ ရှိပါသလဲခင်ဗျ။

ရဲဘော်ခင်ကျော်။ ။ “ပြောချင်တာကတော့ ကျောင်းသားတပ်မတော်အနေနဲ့ကတော့ တချို့ကာလတွေမှာ ငုပ်လျှိုးပြီး နေခဲ့ရတဲ့ ပုံစံမျိုးတော့ ဖြစ်တယ်လေ။ သို့သော်ငြားလည်းပဲ မူလဗီဇ ဂုဏ်သတ္တိကတော့ ဘယ်တော့မှ ပျောက်သွားမှာလည်း မဟုတ်ဘူး၊ အရင် ဦးတည်ချက် ရည်မှန်းချက်တွေလည်း ပျောက်သွားမှာလည်း မဟုတ်ဘူး။ အခြေအနေပေးတာနဲ့ တပြိုင်တည်း ကျနော်တို့ ကတော့ ရန်သူကို တိုက်တဲ့ အလုပ်တွေကို တိုးမြှင့်လုပ်ဆောင်သွားမှာပဲ။ အခုလည်း ဘာပဲပြောပြော အခြေအနေပေးလို့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ညီညီညွတ်ညွတ် ဘုံရန်သူကို ဝိုင်းတိုက်တဲ့ လုပ်ငန်းစဉ်လေးပေါ့။ ဒါပေမယ့် ဒီဟာက ထူးထူးခြားခြားလုပ်ငန်းတော့ မဟုတ်ဘူး။

“အေဘီအက်စ်ဒီအက်ဖ် အနေနဲ့ ပုံမှန်လုပ်နေတဲ့အလုပ်၊ ကိုယ်လုပ်စရာရှိတဲ့ အလုပ် ကိုယ်လုပ်သင့်တဲ့ အလုပ်ကို လုပ်နေတယ်လို့ပဲ မှတ်ယူတယ်။ အဲဒီတော့ ပြည်တွင်း ပြည်ပမှာ ရှိတဲ့လူတွေကို ဘာပြောချင်သလဲ ဆိုတဲ့အခါကျတော့ အားလုံး တနိုင်ငံလုံး ပြည်သူလူထု ဆန္ဒတွေနဲ့အညီ ကျနော်တို့ ဦးတည်ချက် ချမှတ်ပြီး ဒီတိုက်ပွဲကို တိုက်နေတာပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့၊ ကျနော်တို့ ဒီမှာ ရန်သူကို တိုက်ပွဲဝင်နေသလိုပဲ ရောက်ရာနေရာကနေ ရရာနည်းတွေနဲ့ ဘုံရန်သူကို တိုက်သွားဖို့တော့ သင့်တော်တယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်။”

မောင်တူး

source by : http://burmese.dvb.no/index.php

0 ယောက်ရဲ့ထင်မြင်ချက်: