ဗကတ တပ်ပေါင်းစု လှုပ်ရှားမှု
မြန်မာ ပြည်တွင်း ဒီမိုကရေစီရေး လှုပ်ရှားနေသော သံဃာတော် များနှင့် ကျောင်းသား လူငယ် အဖွဲ့ ခုနှစ်ဖွဲ့ ပူးပေါင်း ပါဝင်ဖွဲ့ စည်းထားသော ဗမာ နိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)မှ တိုင်းရင်းသား ဒေသများတွင် နအဖ စစ်အစိုးရ ဆင်နွှဲ နေသော ထိုးစစ်များကို ကန့်ကွက်သည့် စာရွက်ကြဲ လှုပ်ရှားမှုကို ပြုလုပ် ခဲ့ကြသည်။ ဗဒတ တပ်ပေါင်းစုဝင် သံဃာတော် များနှင့် လူငယ်များက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း အတွင်းရှိ မြို့နယ်ပေါင်း (၂၀)တွင် အဆိုပါ လှုပ်ရှားမှုကို (၂၀.၁၂.၂၀၁၀) နှင့် (၂၁.၁၂.၂၀၁၀) ရက်နေ့ များတွင် ပြုလုပ် ခဲ့ကြခြင်း ဖြစ်သည်။ ဗဒတ တပ်ပေါင်းစုမှ ဖြန့်ဝေခဲ့သည့် စာရွက်များတွင် တိုင်းရင်းသား တွေကို ထိုးစစ်ဆင်တာ ချက်ချင်းရပ်၊ ပြည်တွင်းစစ် ချက်ချင်းရပ်၊ စစ်ပွဲ အလိုမရှိ၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ချက်ချင်း ဆောင်ရွက်ပေး စသည့် စစ်ဆန့်ကျင်ရေး စာသားများ ပါဝင်ပြီး ငြိမ်းချမ်းရေး ဂျိုးဖြူငှက် မြန်မာပြည် မြေပုံ ဆီသို့ ပျံသန်းနေဟန် သရုပ်ဖော် ထားသော ပုံများ ပါရှိသည်။
လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသား များ၏ အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုပြီး မြေပြန့်နေ ပြည်သူများက တောင်ပေါ် ဒေသရှိ တိုင်းရင်းသားများနှင့် တစိတ် တ၀မ်းထဲ ရှိကြောင်း ပြသခြင်း ဖြစ်ကြောင်း သိရှိ ရသည်။ ဗဒတ၏ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်း အတွင်းရှိ တောင်ဒဂုံ မြို့နယ်၊ မြောက်ဥက္ကလာ မြို့နယ်၊ အင်းစိန် မြို့နယ်၊ တွံ့တေး မြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ သာကေတ မြို့နယ်၊ ကျောက်တံတား မြို့နယ်၊ ပန်းပဲတန်း မြို့နယ်၊ လသာ မြို့နယ်၊ လမ်းမတော် မြို့နယ်၊ စမ်းချောင်း မြို့နယ်၊ပုဇွန်တောင် မြို့နယ်၊ ဗိုလ်တထောင် မြို့နယ်၊ ဒေါပုံ မြို့နယ်၊ မင်္ဂတောင်ညွန့် မြို့နယ်၊ တောင်ဥက္ကလာ မြို့နယ်၊ မရမ်းကုန်း မြို့နယ်၊ ဒလ မြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ် တို့နှင့် ပဲခူးတိုင်း ပဲခူး မြို့နယ် တို့တွင် ပြုလုပ် ခဲ့ကြသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment