သင်္ကြန်ဗုံးကွဲစဉ် ဓါတ်ပုံရိုက်သူ မောင်စည်သူဇေယျာ ကို ထောင်၈နှစ် ချ
X2o သင်္ကြန်မဏ္ဏပ်ရှေ့ ဗုံးပေါက်ကွဲမှုကို ဓါတ်ပုံရိုက်သူ မောင်စည်သူဇေယျာကို စစ်အစိုးရက ထောင်ဒဏ် ၈ နှစ် ဒီကနေ့ အမိန့်ချလိုက်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
မင်္ဂလာတောင်္ညွန့်မြို့နယ် တရားရုံးက အမိန့်ချတာဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အသင်းအဖွဲ့နဲ့ ဆက်သွယ်မှုတို့နဲ့ အမိန့်ချတာလို့ သိရပါတယ်။ အခုလို ထောင်မိန့်ချတဲ့အပေါ် မောင်စည်သူဇေယျာရဲ့အမေ ဒေါ်ရီရီတင်က အခုလို ပြောပါတယ်။
“ဓါတ်ပုံရိုက်တာကနေ ထောင်ကျတာ စိတ်တော့ ဘယ်ကောင်းမလဲ။ ဓါတ်ပုံသွားရိုက်တယ်၊ အဖမ်းခံရတယ်၊ နောက်ပြီး စွပ်စွဲတယ်၊ အဲဒါပဲ ကျမသိတာ။ ကလေးက အခုမှ ကျောင်းပြီးတယ်။ အလုပ် မဝင်သေးဘူး။ သူစိတ်ဝင်စားတာ သတင်းထောက်လုပ်ငန်း၊ ဝင်ချင်တယ် အဲဒါပဲ သိတယ်။
ဦးဇေယျကတော့ ပိုများမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ စည်သူက မြို့နယ်ရုံးက ချတဲ့ အမှုလေ။”
မောင်စည်သူဇေယျာဟာ ဗုံးပေါက်ကွဲပြီးချိန် ဓါတ်ပုံရိုက်ယူနေစဉ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ ဒါကြောင့် သူ့ကို အမိန့်ချလိုက်တဲ့ အမှု ၂ ခုအပြင် အီလက်ထရောနစ် ပုဒ်မနဲ့ပါ အာဏာပိုင်တွေက တရားစွဲထားတယ်လို့ သူ့အမှုအတွက် အကူညီပေးနေတဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
ဒီစွပ်စွဲချက်တွေဟာ သက်သေအထောက်အထားတွေလည်း ခိုင်လုံမှု မရှိဘူးလို့ ဦးအောင်သိန်းက အခုလို ပြောပါတယ်။ “သက်သေအထောက်အထားအနေနဲ့ ၁၃-၁ ဆိုပြီးတော့ ဗမာပြည်ထဲကို ပြန်ဝင် ရောက်လာတာတို့၊ ဟိုဘက်က မတရားအသင်း သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပါတယ်ဆိုတဲ့ အထောက်အထားတွေက သူတို့အနေနဲ့ တရားစွဲအဖွဲ့အစည်းက သီးသန့် တင်ပြနိုင်တဲ့ အထောက်အထားတွေနဲ့ မဟုတ်ဘဲ ဒီတရားခံတွေကို ဖမ်းဆီး ချုပ်နှောင်ထားတဲ့အခါမှာ စစ်ကြောရေး ပြုလုပ်ရာကနေ ရရှိလာတဲ့ အချက်အလက်တွေကို ပြန်အထောက်အထား ပြုပြီးတော့ ဥပဒေနဲ့ မညီတဲ့ ထွက်ဆိုချက်တွေပေါ်မှာ ပြစ်ဒဏ် စီရင်ထားတယ်လို့ အဲလိုပဲ ပြောချင်ပါတယ်။”
မောင်စည်သူဇေယျာ ကို အာဏာပိုင်တွေက ဗုံးပေါက်ခဲ့တဲ့ ဧပြီလ ၁၅ ရက် သင်္ကြန် အကြတ်နေ့မှာ ဖမ်းဆီးပြီး နောက်တနေ့မှာ အဖေဖြစ်သူ ဦးဇေယျာကို ထပ်မံ ဖမ်းဆီးလိုက်တာပါ။ ဦးဇေယျာဟာ အခုတော့ အင်းစိန်ထောင်တွင်းမှာ ရှိနေပြီး မနက်ဖြန်မှာ အမှုစစ်ဆေးဖို့ ရုံးချိန်းထားတယ်လို့ သိရပါတယ်။ ဦးဇေယျာဟာ နာမည်ရ စာရေးဆရာ ဘာသာပြန် လင်းယုန်မောင်မောင်ရဲ့သား ဖြစ်တယ်လို့ သိရပါတယ်။
နန်းခမ်းကယောက်
source by : http://burmese.dvb.no

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment