“ ဖိုးသူတော် နှင့် ပုဇွန်လုံးများ”
ရွေးကောက်ပွဲကြီး နီးလာလေလေ ရွေးကောက်ပွဲ ဆန့်ကျင်ရး၊ သပိတ်မှောက်ရေး နဲ့ ရွေးကောက်ပွဲ ၀င်ရေး ပြင်နေကြတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ ငြင်းခုန် သံတွေကလည်း လေလှိုင်းမှာ ခြေလှမ်း စိပ်လာပါတယ်။
နအဖဘက်ကတော့ “ယာလည်း ညက်စေ ၊ ကြက်လည်း မောစေ” ဆိုသလို အတိုက်အခံတွေ အချင်းချင်း တိုက်ကြ ခိုက်ကြလေ သူ့အတွက် သူ လုပ်ရမှာတွေ ရန်သူက ကူလုပ် ပေးတယ်ဆိုပြီး ၀မ်းသာလေ ဖြစ်မယ်ထင်ပါတယ်။
ရွေးကောက်ပွဲ ၀င်လိုသူတွေ ဘက်က “ရနိုင်တဲ့ခွင်ကို တဖြည်းဖြည်း ချဲ့ယူမယ်”လို့ ပြောကြ-ရှင်းပြကြ ပေမယ့် ရွေးကောက်ပွဲ မ၀င် လိုသူတွေဘက်က တော့ ဒေါ်အောင်ဆန်းစုကြည် စကား တစ်ခွန်းကို အသေကိုင်ပြီး ဆက်လိုက် ချီတက်နေတယ်လို့ မြင်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား နဲ့ပဲ ရွေးကောက်ပွဲ ၀င်ရေးအဖွဲ့တွေကို ထိုးနှက်နေတာ မြင်ရပါတယ်။
ရွေးကောက်ပွဲ မ၀င်လိုသူတွေ ဘက်က နောက်ဆုံး ထိုးလိုက်တဲ့ လက်သီးက အလွန်ပြင်းပါတယ်။
အဲဒါကတော့ ယူရိုဘားမား ဒါရိုက်တာ ဦးဟန်ညောင်ဝေကို ရံပုံငွေတွေ အလွဲ သုံးစား လုပ်တယ် ၊ပြီးတော့ ရွေးကောက်ပွဲ ဖြစ်မြောက် အောင်လှုံ့ဆော်လို့ ဆိုပြီး အဖွဲ့က ထုတ်ပြစ်ပြီး သူလုပ်သမျှ ဆန့်ကျင် သပိတ်မှောက်မယ်လို့ လူသိရှင်ကြား ကြေငြာလိုက်တာ ဖြစ်ပါတယ်။
ဒီကြေငြာချက်ကို ဘီဘီစီ မြန်မာပိုင်း ရေဒီယို သတင်းဌာနကြီးကနေ စက်တင်ဘာ ၂၇ နေ့ မနက်ပိုင်းက ထုတ်လွှင့်ကြေငြာ သွား တာပါ။ အဲဒီ သတင်းကတော့ - -
ဂရိနိုင်ငံ -အေသင်မြို့မှာ စက်တင်ဘာ ၂၅- ၂၆ ရက်နေ့တွေမှာ ၂-ရက်ကြာ မြန်မာ အတိုက်အခံတွေ စုပြီး (EBN) Europian Burma Network ကွန်ဖရင့် အစည်းအဝေး လုပ်ကြတယ်။
အဲဒီ ညီလာခံကြီးမှာ
(၁) ဥရောပရောက် မြန်မာ များ လှုပ်ရှားမှု အဖွဲ့ (FBE)
(၂) NCUB
(၃) NLD_LA (Europa)
(၄)BLC
(၅)Burma Campain( UK)
(၆) AAPP
တို့ တက်ရောက်ကြပါတယ်။
Europian Burma Network ကွန်ဖရင့် အစည်းအဝေး ရလာဒ်ရဲ့  ကြေငြာချက်တွေကတော့- -
(၁) ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်များ
(၂) ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပြည်တွင်း NLD အား ပန့် ပိုးရေး ဆုံးဖြတ်ချက်
(၃) သုံးပွင့်ဆိုင် ဖြစ်ပေါ်လာရေး ဆုံးဖြတ်ချက်
(၄) နယ်စပ်ဒေသရှိ တော်လှန်ရေး အဖွဲ့ တွေကို ကူညီရေး ဆုံးဖြတ်ချက်နဲ့ အခြား ဆုံးဖြတ်ချက်များစွာ ပါဝင်ပါတယ်။
အစည်းအဝေးက ဒီမှာတင် ရပ်မသွားသေးဘဲ NLD_LA (Europa) ကိုယ်စားတက်ရာက်လာတဲ့ ဒေါက်တာ ၀င်းနိုင်က EPO ကိုယ်စားလှယ် ဦးဟန်ညောင်ဝေဟာ ဥရောပသမဂ္ဂက ပေးတဲ့ ရံပုံငွေတွေကို အလွဲသုံးစား လုပ်ပြီးတော့ နအဖ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် ဂျာမဏီမှာ လုပ်တယ်။
ပြီးတော့ အောက်တိုဘာ ၃ -ရက်နေ့ မှာ ဘယ်လ်ဂျီယမ်မှာ ထပ်လုပ်ဦးမယ်။
အဲဒါတွေကို ဆန္ဒပြ ကန့်ကွက်ကြဦးမယ်။ ပြီးတော့ EPO မှာ Europian Burma Network အစည်းကနေ ဆုံးဖြတ် မဲခွဲကြရာမှာ (၉)-မဲ အပြည့် ထောက်ခံမဲနဲ့ ဦးဟန်ညောင်ဝေ ကို EPO ကနေ ထုတ် ပြစ်လိုက်ပါတယ်လို့ ကြေငြာပါတယ်။
တကယ်တော့ ဒီသတင်းက ဟိုး လွန်ခဲ့တဲ့ ၃-လ လောက်ကတည်းက တရားမ၀င် တိုးတိုး တိတ်တိတ် အတိုက်အခံတွေ ကြားမှာ ထွက်ပေါ် နေခဲ့တာပါ။
ဖြစ်ရပုံကတော့- - ဥရောပသမဂ္ဂ က မြန်မာနိုင်ငံကို ရွေးကောက်ပွဲအတွက် ငွေတွေ ကူညီပေးထားတယ်။
အဲဒီငွေတွေကို အင်အယ်ဒီရွေးကောက်ပွဲဝင်ရင် အောင်နိုင်ရေး အတွက် သုံးဖို့ ဦးဟန်ညောင်ဝေက လက်ခံယူပြီး အဖွဲ့ အစည်းတွေ ကို ဝေပေးလိုက်တယ်၊
ငွေတွေကလည်း လက်လွန်ပြီး တချို့အဖွဲ့ တွေကဆိုရင် ရွေးကောက်ပွဲနဲ့ မဆိုင်တဲ့ တခြား ခေါင်းစဉ်တွေနဲ့ သုံးလို့ ကုန်သွားပြီ။
အဲဒီလို ဖြစ်နေချိန်မှာ ဒေါ်အောင်ဆန်း စုကြည်က ပါတီ မှတ်ပုံ မတင်ဘူး၊ ရွေးကောက်ပွဲ မ၀င်ဘူး ဆိုပြီး ကြေငြာချက် ထွက်လာ တော့ ငွေရထား၊ သုံးထားတဲ့ အဖွဲ့ တွေ ခြေမကိုင်မိ၊ လက်မကိုင်မိ နဲ့ “ လိပ်ပက်လက်လန် သလို” ဘာ ဆက်လုပ် ရမှန်း မသိ ဖြစ်နေကြတယ်ဆိုတဲ့ သတင်းက တိုးတိုး တိတ်တိတ် ထွက်နေခဲ့တာ အခုမှ သတင်းအမှန်က ပေါ်ထွက် လာတာပါ။
တချိန်က မြန်မာ နိုင်ငံရဲ့သမ္မတကြီး (ရှမ်းစော်ဘွားကြီး)စ၀်ရွှေသိုက်ရဲ့ သားဖြစ်သူ ဦးဟန်ညောင်ဝေ အဖြစ်က စလေ ဦးပုညရဲ့ ဆဒ္ဒန် ဆင်းမင်း ဇာတ်တော်မှာ သောနုထိုရ် လျှောက်ထုံးလို-
“ အစွယ်လိုသူက မင်းမိဖုရား၊
စေခိုင်းတာက မင်း ဧကရာဇ်၊
လေးပစ်ကသူက ဘုရား ကျွန်တော်မျိုး၊ ၊
ကြံဖော်ကြံဖက် ဤ သုံးဦး အနက်၊ ကံကြမ္မာ ကြားကွက်လို့ ၊
ထားရင်လည်းနေ၊ သတ်ရင်း လဲ သေရမှာက- - - ”ဆိုသလို ဖြစ်နေပါပြီ။
NLD သာ ရွေးကောက်ပွဲ ၀င်ခဲ့မယ်ဆိုရင် ဒီပြဿနာက တက်လာမှာ မဟုတ်ပါဘူး။
ပြီးတော့ ဒေါ်အောင်ဆန်း စုကြည်က“ ကျမ တိုင်းပြည်အတွက် တကယ် အလုပ်လုပ်နေတယ်ဆိုတာ ယုံရင် ကျမ ပါတီကို မဲပေးကြ ပါ” လို့များပြောခဲ့ရင် NLD မဲပြန်နိုင်မှာ “မြေကြီး လက်ခတ် မလွဲပဲ” လို့ ယုံကြည်နေကြ သူတွေ အများကြီး ရှိနေပါတယ်။
တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်က“ သတ္တိရှိရင် ရွေးကောက်ပွဲ ပြန်လုပ်ကြည့်ပါလား၊ ပြည်သူ့  မေတ္တာ ဘယ်သူ့ ဘက်မှာ ရှိတယ်ဆိုတာ သိလိမ့်မယ်” ဆိုတဲ့ စကားဟာ သွေးထွက်အောင် မှန်နိုင်ပါတယ်။
ရွေးကောက်ပွဲ နိုင်လို့ နအဖ စစ်အစိုးရက အာဏာ လွှဲ မပေး ပြန်ရင် ဘယ်လိုလုပ်မလဲ၊ မိအေး နှစ်ခါနာ ဆိုသလို ၊ နောက်တကြိမ် ထပ်အလိမ် ခံပေးရဦးမှာလားလို့ မေးစရာ ရှိပါတယ်။ အဲဒီအချိန်မှာ NLD က“ စစ်တပ်က အရင်ကလည်း ဂတိမတည်၊ သစ္စာမရှိခဲ့၊ အခုလဲ ထပ်ပြီး ဂတိ မတည်ပြန်၊ နောက်လည်း ဂတိ တည်ဦးမည် မဟုတ်၊ တတိယ အကြိမ် ၊ စတုတ္တအကြိမ် ရွေးကောက်ပွဲ လုပ် လုပ်၊ ပြိုင်ချင်တဲ့ အချိန်ပြိုင်- - ပြည်သူက NLD ကိုသာ အနိုင်ပေးမှာ ပါလို့ ကြွေးကျော်ပြီး ကမ္ဘာ့ အလယ်မှာ နိုင်ငံရေး အမြတ်ထုတ် တင်ပြ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။
နအဖစစ်အစိုးရကတော့ ဖိုးသူတော် ပုဇွန်လုံးစားချင်လို့ ဥာဏ်နီ ဥာဏ်နက်ဆင် သလို ဖြစ်နေတာ လယ်ပြင်မှာ ဆင်သွားသလို ပိုပြီး ဖုံးဖိမရ ထင်ရှားမှာ မလွဲပါ၊
“NLD ရေ၊ နင်က အကောင်ကြီးတယ်၊ ပွက်ပွက်ဆူနေတဲ့ ရေနွေအိုး နှုတ်ခမ်းမှာ ထိုးတဲ့တဲ့ ဒုတ်တန်းပေါ် မသေမချင်း အကြိမ်ကြိမ် လျှောက်”လို့ တမင်ညစ်ပတ် နေတာကို ကမ္ဘာက ပိုသိနိုင်မှာ အမှန်ပါ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေလို့ ဆုတောင်းရင်း ဂုဏ်သိက္ခာရှိရှိ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဓမ္မ-လက်တောင် စကားလေး မျှဝေလိုက်ပါရစေ။
န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒနံ တဂရမလ’ိကာ ၀ါ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပ၀ါယတိ။
ပန်းအနံ့သည် လေညာသို့မသွား၊ စန္ဒကူးအနံ့ တောင်ဇလပ်ပန်းအနံ့ စံပယ်ကြက်ရုံးပန်း အနံ့သည်လည်း လေညာသို့မသွား၊ သူတော်ကောင်းတို့၏အနံ့သည်သာ လေညာသို့သွား၏၊
သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာ အားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏။
The scent of flowers does not go against the wind, not sandalwood, tagara, nor jasmine; but the reputation of virtuous persons spread against the wind even to all directions.
------------------
စန္ဒနံ တဂရံ ၀ါပိ၊ ဥပ္ပလံ အထ ၀ဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။
စန္ဒကူးအနံ့သည်လည်းကောင်း၊ တောင်ဇလပ်ပန်းအနံ့သည်လည်းကောင်း၊ ကြာညိုပန်းအနံ့သည် လည်းကောင်း၊ မြလေးပန်း အနံ့သည်လည်းကောင်း ရှိ၏၊ ထိုပန်းရနံ့ အမျိုးမျိုးတို့ထက် သီလသည်သာ အတုမရှိ မြတ်၏။
Sandalwood, Tagara, a lotus-flower or a vassiki, even among such fragrant things, the fragrance of virtuous conduct is best of all.
source by :http://www.thuriya.org
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment