“ကျမတို့ မျိုးဆက် ရောက်လာပြီ”
ဧရာဝတီ | မဝေနှင်းပွင့်သုန်သည် လက်ရှိ တောင်ကြီးထောင်၌ အကျဉ်းချခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေး၏ သမီးကြီးဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန် မြို့ရှိ တက္ကသိုလ် တခုတွင် နိုင်ငံရေးနှင့် လူမှုဗေဒဘာသာဖြင့် ဒုတိယနှစ်တွင် တက်ရောက် သင်ကြားလျက်ရှိသည်။ ၎င်းသည် ဖခင်ဖြစ်သူ ဦးမြအေး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသူ တဦးလည်း ဖြစ်သည်။ သူ၏ မိခင်နှင့် ညီမမှာ မြန်မာပြည်တွင် နေထိုင်လျက်ရှိသည်။
မဝေနှင်းပွင့်သုန်
အသက် ၂၁ ရှိပြီ ဖြစ်သော မဝေနှင်းပွင့်သုန်သည် လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တို့နှင့်လည်း ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်နေသူ တဦးဖြစ်သည်။ AI ၏ ဆက်သွယ် ပေးမှုဖြင့် မကြာသေးမီက လေဘာပါတီ ညီလာခံတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ စကားပြောခဲ့သည်။
မဝေနှင်းပွင့်သုန် လေဘာပါတီတွင် စကားပြောသည့် ရုပ်သံ မှတ်တမ်းမှာ အင်တာနက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေပြီး အများစုက ချီးကျူးကြသော်လည်း ဝေဖန်ပြောဆိုမှု အနည်းငယ်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် မဝေနှင်းပွင့်သုန်ကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားပါသည်။
မဝေနှင်းပွင့်သုန် လေဘာပါတီတွင် စကားပြောသည့် ရုပ်သံ မှတ်တမ်းမှာ အင်တာနက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေပြီး အများစုက ချီးကျူးကြသော်လည်း ဝေဖန်ပြောဆိုမှု အနည်းငယ်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် မဝေနှင်းပွင့်သုန်ကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ လေဘာပါတီရဲ့ ညီလာခံမှာ စကားပြောခွင့်ရတဲ့ အတွက် ဘယ်လိုအကျိုးအမြတ်တွေရခဲ့လဲ။ ဘယ်လို တုံ့ပြန်မှုတွေရခဲ့လဲ။
ဖြေ။ ။ အစက မျှော်မှန်းထားတာကတော့ ဒီလေဘာပါတီထဲကနေ လူတွေကနေ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ သိလာမယ်၊ ပိုပြီးတော့ လုပ်ချင်လာမယ်ဆိုတဲ့ စိတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီထက် ပိုပြီးကောင်းတဲ့တခု ကျမ ရတာကတော့ မြန်မာ အသိုင်းအ၀န်းထဲက လူငယ်တွေ အတော်များများက သူတို့အနေနဲ့ ကျမရဲ့ မိန့်ခွန်းကို ကြည့်ပြီးတဲ့ အခါမှာ သူတို့ တခုခု လုပ်ချင်လာတယ်၊ သူတို့ ဘယ်လို ပါဝင်လို့ရမလဲ၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ သူတို့လည်း လှုပ်ရှားမှု တခုခု လုပ်ချင်တယ် ဆိုပြီးတော့ မြန်မာလူငယ်တွေ ဆက်သွယ်လာတာ အများကြီးရှိတယ်။ အဲဒါတွေအတွက် ကျမ အရမ်း ၀မ်းသာအားရဖြစ်မိပါတယ်။
အမတ်တော်တော် များများနဲ့ စကားပြောရတဲ့ အခါမှာတော့ သူတို့ တခုခု လုပ်မယ်၊ မြန်မာ့နိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ဘာလုပ်လို့ရမလဲ၊ ဘယ်လိုပါဝင် လှုပ်ရှားလို့ရမလဲ၊ Burma Campagin နဲ့ တွေ့ရမလား၊ ဘယ်လို အဖွဲ့အစည်းမျိုးနဲ့ တွေ့ပြီး လှုပ်ရှားလို့ရမလဲ ဆိုပြီးတော့ လာမေးတာတွေ အများကြီးရှိတယ်။ အဲဒါတော့ အရမ်း ကောင်းတယ်လို့ မြင်မိပါတယ်။
မေး။ ။ လေဘာ အစိုးရတုန်းက မြန်မာပြည်အပေါ်ထားတဲ့ မူဝါဒနဲ့ လက်ရှိညွန့်ပေါင်း အစိုးရဲ့ မူဝါဒ ဘယ်ဟာက ပိုကောင်းမယ်လို့ထင်လဲ။
ဖြေ။ ။ အခုလောလောဆယ် အစိုးရပြောင်းလဲသွားတဲ့ နောက်ပိုင်းမှာ ဒီဘက်က အစိုးရကနေပြီးတော့ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီးတော့ လေဘာလောက် ပွင့်ပွင့်လင်းလင်း စကားပြောတာတွေ မရှိသေးဘူး။ အထူးသဖြင့် Commission of Inquiry ဆိုလို့ရှိရင် ဒီဘက်က အစိုးရက ပွင့်ပွင့်လင်းလင်း မပြောသေးဘူး။ သူ့အနေနဲ့ ထောက်ခံတယ်ဆိုပြီးတော့ မပြောဘူး။ လေဘာ အစိုးရ ဆိုရင် သူ ထောက်တော့ ထောက်ခံတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး သူလုပ်မယ်၊ အဲဒီလိုမျိုး ပြောတာရှိတယ်။ အဲဒါကတော့ ကွာခြားတယ်လို့မြင်မိတယ်။ အထူးသဖြင့် လေဘာအစိုးရ ဆိုရင် ဂေါ်ဒွန် ဘရောင်းပေါ့။ သူက တကယ်ကို ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားတယ်။ မြန်မာ့အရေးနဲ့ ပတ်သက် ပြီးတော့ စိတ်လည်းဝင်စားတယ်။ ဒီ ဒေးဗစ်မီလီဘန်ဆိုလည်း အဲဒီလိုပဲ။ ဒါပေမယ့် ကျမတို့ ဒီဘက်က ညွန့်ပေါင်း အစိုးရသစ်ကတော့ အဲဒီလောက်အထိ လှုပ်ရှားမှု လုပ်တာမရှိဘူး။ စိတ်ဝင်စားမှုတော့ရှိပါတယ်။
ကျမတို့အနေနဲ့ ဒေးဗစ်ကင်မရွန်ရော၊ ပြီးတော့ မစ်ကရက်ကိုရော သူတို့ ဒီထက်ပိုပြီးတော့ ပါဝင်လှုပ်ရှားလာအောင်၊ ပြီးတော့ ဂေါ်ဒွန်ဘရောင်းလုပ်ခဲ့သလိုပဲ မြန်မာ့ အရေးကို စိတ်ဝင်တစားနဲ့သူတို့ပိုပြီး ဆောင်ရွက်လာအောင် လုပ်ဖို့ ကျမတို့ အနေနဲ့လည်း လိုအပ်သေးတယ်လို့ မြင်မိတယ်။
မေး။ ။ Burma Campagin UK ကို တချို့က စီးပွားရေးပိတ်ဆို့တာကို ထောက်ခံတာနဲ့ ပတ်သက်ပြီး အစွန်းရောက်တယ်လို့ ပြောတာတွေရှိတယ်။ အဲဒီအဖွဲ့နဲ့တွဲပြီး လက်တွဲ အလုပ်လုပ်နေတဲ့ သူတယောက်အနေနဲ့ အဲဒီဝေဖန်ချက်တွေကို ဘယ်လိုများ ထင်မြင်မိပါသလဲ။
ဖြေ။ ။ ကျမပြောချင်တာကတော့ ကိုယ် ဘယ်အဖွဲ့အစည်းနဲ့ပဲ အလုပ် လုပ်၊ အဓိက ကိုယ့်ခံယူချက်က ပိုအရေးကြီးတယ်လို့ မြင်မိတယ်။ ကျမရဲ့ ခံယူချက်က ဒီလူ့အခွင့်အရေး လှုပ်ရှားမှုကို လုပ်ချင်တယ်။ မြန်မာနိုင်ငံထဲမှာ လူငယ်တွေ အကုန်လုံးရော၊ ပြီးတဲ့ အခါကျတော့ လူသားတွေအကုန်လုံးကို လူ့အခွင့်အရေးဆိုတဲ့ အရာ ရှိစေချင်တယ်။ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ဆိုတာ ကျမတို့ နိုင်ငံထဲမှာ ရှိပြီးတော့ ပျော်ရွှင်စေချင်တယ်။ ကျမရဲ့ခံယူချက်က ကျမ ဒါလုပ်နေတယ်ဆိုတာ မြန်မာနိုင်ငံက လူသားတွေအတွက် လုပ်နေတာ ဆိုတော့ ကျမမှာ အဖွဲ့အစည်း အစွဲဆိုတဲ့ဟာ မရှိဘူး။ အချိန်တန်တဲ့ အခါကျရင် ကျမဟာ မြန်မာနိုင်ငံသားတွေအတွက် အမြဲတမ်း အဆင်သင့်ရှိနေမယ် ဆိုတဲ့ ခံယူချက်ရှိနေသရွေ့ ကျမ စိတ်သန့်တယ်လို့ မြင်မိတယ်။
မေး။ ။ ပြောသွားတဲ့ မိန့်ခွန်းမှာ UN ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဝေဖန်တာတွေရှိတယ်။ ဘာကြောင့် ဝေဖန်ခဲ့ တာလဲ ပြောပြပါလား။
ဖြေ။ ။ ကျမအဓိက ပြောချင်တာက နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွက် ကျမတို့ တောင်းဆို လာခဲ့တာ အချိန်ကြာလှပြီ။ အထူးသဖြင့် ကုလသမဂ္ဂကို တောင်းဆိုလာတာ ကြာလှပြီ။ ဒါပေမယ့် သူတို့ အနေနဲ့ ဒီကိစ္စကို ဘယ်တုန်းကမှ ထူးထူးခြားခြား ဆောင်ရွက်မှုဆိုတာ မရှိခဲ့ဘူး။
အမြဲတမ်း တခုခုဖြစ်တယ်ဆိုရင်၊ ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ထပ်ပြီးတော့ နေအိမ် အကျဉ်းကျခံ ရတာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ ပိုပြီးတော့ ကိစ္စတွေ ဆိုးရွားလာတာပဲဖြစ်ဖြစ် ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်းက အမြဲတမ်း ပြောတယ်၊ သူ့အနေနဲ့ မြန်မာနိုင်ငံကိစ္စကို စိတ်ဝင်စားပါတယ်။ သူ အဲဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း စိုးရိမ်မကင်း ဖြစ်ရပါတယ်ဆိုတာ ကျမတို့ ခဏခဏကြားရတယ်။ အဲဒီလို ထုတ်ပြန်ချက်တွေလည်း ခဏခဏ ဖတ်ရတယ်။ သူ့အနေနဲ့ ထုတ်ပြန်ချက်ရဲ့နောက်မှာ သူတကယ် စိုးရိမ်တာတော့ ဟုတ်တယ်လေ။ ဒါပေမယ့် ဘာလုပ်မှာလဲ။
သူက ပြောတယ် နိုင်ငံရေး အကျဉ်းသားတွေကို လွတ်မြောက်ဖို့ လုပ်ပေးပါ၊ သူ တောင်းဆိုတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တကယ်လွတ်မြောက်လာအောင် သူ ဘာလုပ်လဲ။ အဲဒီလိုမျိုး သူ့ရဲ့ တကယ်ထိထိရောက်ရောက် လုပ်ဆောင်မှုကို လုံးဝ မမြင်ရသေးဘူး။ အဲဒါကြောင့် ကုလသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ အရမ်းကို စိတ်ပျက်မိတယ်။ အဲဒါကြောင့်လည်း ကျမပြောခဲ့တာပါ။
မေး။ ။ အခုကျင်းပမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ အပေါ်ရော ဘယ်လိုသဘောထားလဲ။
ဖြေ။ ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူများတွေကမေးတယ်၊ ဒီရွေးကောက်ပွဲကနေပြီးတော့ ဘာ မျှော်လင့်သလဲ ပေါ့။ ကျမက ပြောတယ်၊ ဘာမှ မမျှော်လင့်ဘူးလို့။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ ၂၀၀၈ အခြေခံ ဥပဒေက အကုန်လုံး သူတို့ ကျကျနန ဆွဲထားတာ။ ဒီစစ်အစိုးရကို တကယ့်ကို မြန်မာနိုင်ငံထဲမှာ သက်ဆိုးရှည်အောင် ဆွဲထားတဲ့ အခြေခံ ဥပဒေဆိုတော့ ရွေးကောက်ပွဲပြီးတာနဲ့ ပိုပြီးတော့ အခြေအနေတွေ ဆိုးလာဖို့ပဲ ရှိတယ်။
ကျမနှိုင်းယှဉ်လို့ရတာတခုကတော့ ဒီဗြိတိန်က ရွေးကောက်ပွဲတုန်းက အခွင့်အရေး တခု ရခဲ့တယ်။ ဒီနိုင်ငံက Conservative ပါတီက အမတ်တယောက်၊ သူတို့ ရွေးကောက်ပွဲ လှုပ်ရှားမှု စည်းရုံးရေး လုပ်တဲ့ အချိန်မှာ ကျမသူနဲ့သွားပြီးတော့ လိုက်ပါ ဆောင်ရွက်ခဲ့တယ်။ တအိမ်တက်၊ တအိမ်ဆင်းပြီး သူ လူတွေနဲ့ တွေ့တယ်၊ စကားပြောတယ်။ အဲဒီအခါကျတော့ လူတွေက သူ့ကိုမေးတယ်၊ မင်းကို ဘာလို့ ငါတို့ မဲပေးသင့်သလဲ၊ မင်းက ဘာကောင်းလို့ငါက မဲပေးရမလဲ၊ ပွင့်ပွင့်လင်းလင်းမေးတယ်။
သူတို့က ငါ လေဘာဘာတီကို မကြိုက်ဘူး။ ဘာကြောင့်လဲ ဆိုတော့၊ ဒါကြောင့်။ ငါ Conservative ပါတီကို မဲမပေးချင်ဘူး ဘာလို့လဲဆိုတော့၊ ဒါကြောင့်၊ အဲဒီလိုမျိုး ပွင့်ပွင့်လင်းလင်းပြောတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ အဲဒီလို ပြောပိုင်ခွင့်၊ အဲဒီလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပိုင်ခွင့် မရှိဘူး။ ငါ ဘာလို့ အစိုးရကို မဲပေးရမှာလဲလို့ ပြောတာနဲ့ ထောင်ထဲမှာ နှစ်ရှည်လများ ကျဖို့ဆိုတာပဲ ရှိတယ်လေ။ အဲဒီလိုမျိုး ကွာခြားချက်တွေ အများကြီးရှိတယ်။
ကျမတို့ အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့် မရှိဘူး။ ရွေးကောက်ပွဲ ဥပဒေကရော၊ အဲဒါတွေ အကုန်လုံးက နိုင်ငံရေးပါတီတွေ အကုန်လုံးကို ခြေချုပ် လက်ချုပ် ချထားတဲ့ ဥပဒေတွေ။ ကျမကတော့ ဒီရွေးကောက်ပွဲကနေ ဘာမှ မျှော်လင့်ချက်မရှိဘူး။
မေး။ ။ မြန်မာနိုင်ငံအရေးကို ဘာကြောင့် စိတ်ဝင်စားလာတာလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရေးမှာ အဓိက စိတ်ဝင်စားတာက အဖေ့ကြောင့်ပါ။ ငယ်ငယ်လေး ကတည်းက အဖေက ထောင်ထဲမှာ ထောင်ကျခံရတာ၊ ပြီးတော့ အဖေက ငယ်ငယ်လေး ကတည်းက ကိုယ့်ကို နောက်နောက်ပြီး သင်ပေးတာရှိတယ်။ ကြီးရင် ဘာလုပ်မလဲ ဆိုရင် ပြန်ပြောရတာက ကြီးလာရင် ဒီမိုကရေစီလှုပ်ရှားမှု လုပ်မယ်၊ နိုင်ငံရေး လုပ်မယ် ဆိုတာမျိုး ဆိုတော့ အဲဒီကတည်းက ကိုယ့်မှာ ရှိတယ်။ ဒါပေမယ့် ဒီလောက်အထိ ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်မယ် ဆိုတာတော့ မမြင်ခဲ့ဘူး။
ဒါပေမယ့် ဒီနိုင်ငံရောက်လာတော့၊ အထူးသဖြင့် လူငယ်တွေ လူ့အခွင့်အရေးရှိတာမျိုးတွေ မြင်ရတဲ့ အခါကျတော့ ကျမအရမ်းကို စိတ်ထိခိုက်တယ်။ အထူးသဖြင့် ကလေးတွေ အတွက်ပေါ့။ ကျမရဲ့ ညီမလေး ဆိုလို့ရှိရင် သူ့အတွက် လူ့အခွင့်အရေး ဆိုတာဘာလဲ သူမသိဘူး။ မိသားစုနဲ့ စုံစုံလင်လင်နေခွင့် ဆိုတာလည်း မရှိဘူး။ ကျမဆို အင်္ဂလန်မှာ၊ အဖေဆိုတောင်ကြီးမှာ၊ ကျမတို့ မိသားစု တကွဲတပြားစီ။
အဲဒီလိုပဲ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ရဲ့ သမီးလေးဆိုရင် ၃ နှစ်ပဲရှိသေးတယ်။ သူ ပြောတဲ့စကားက ကျမကိုယ် ကျမပြန်ကြည့်ရသလိုပဲ။ သူပြောတဲ့စကားက သူနေ့တိုင်း ဘုရားမှာ ဆုတောင်းတာ မိသားစုနဲ့ ပြန်ပြီးတော့ နေချင်တယ် ဆိုတော့၊ လွန်ခဲ့တဲ့ ၁၈ နှစ် တုန်းက ကျမ အဲဒီလိုမျိုးပဲ ခံစားခဲ့ရတယ်။ အခုအချိန်ထိ အဲဒီ ကလေးတွေ ခံစားနေရတုန်းပဲ ဆိုတော့ အဲဒီကိစ္စက ကျမကို အရမ်းတွန်းအားပေးတယ်။ ကျမကို တခုခုလုပ်ဖို့ပေါ့နော်။ ကလေးတွေ အဲဒီလိုမျိုး ဖြစ်နေတာကို ကျမ မမြင်ချင်ဘူး။
မေး။ ။ ဦးမြအေးရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ရော ဘာတွေကြားထားသေးလဲ။
ဖြေ။ ။ အဖေက ကျန်းမာရေး ကုသမှုကတော့ အရမ်းလိုအပ်တယ်။ အထူးသဖြင့် နှလုံးရောဂါရှိတယ်၊ နှလုံးသွေးကြော ကျဉ်းတယ်ဆိုတဲ့ အခါကျတော့ အဲဒါနဲ့ ပတ်သက်ပြီး သူတို့တွေ ဆေးစစ်ဖို့နဲ့၊ နှလုံးရောဂါ အထူးကုတွေနဲ့တွေ့ဖို့က အရမ်း လိုအပ်တယ်။ နှလုံးသွေးကြော ကျဉ်းတယ်ဆိုတာ ဘယ်လောက်အထိ အခြေအနေ ဆိုးရွားလဲဆိုတာ ကျမတို့တော့ မသိဘူး။ အချိန်မရွေး တခုခု ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်။ အဲဒါကိုတော့ ကျမတို့က အမြဲတမ်းကြောက်နေရတယ်။ အခုအချိန်ထိ အဖေက နှလုံးရောဂါ ဆရာဝန်နဲ့လည်း မတွေ့ရသေးဘူး၊ သူ့အတွက် နှလုံးရောဂါနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး ကုသမှုတွေ ပေးတာလည်း မရှိသေးဘူးဆိုတော့ နေ့တိုင်းတော့ စိုးရိမ်နေရတယ်။ ဘာဖြစ်သွားမလဲ ဆိုပြီးတော့ပေါ့နော်။ နှလုံးရောဂါ ရှိတဲ့သူဆိုတော့ အချိန်မရွေး တခုခုဖြစ်နိုင်တယ်လေ။
မေး။ ။ အခုဆိုရင် ဝေနှင်းပွင့်သုန်တို့နဲ့ သက်တူရွယ်တူလို့ပြောလို့ရမယ့်သူတွေဟာ သူတို့ စိတ်ဝင်စားတဲ့ အရာတခုကို လေ့လာ သင်ယူနေရမယ့် အချိန်မှာ မတရား ထောင်ဒဏ်ချမှတ်ခံနေရတယ်။ အဲဒီလို ကိုယ်နဲ့ သက်တူရွယ်တူတွေ၊ ထောင်ကျနေသူတွေ အတွက် ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ကျမပြောချင်တာကတော့ သူတို့နဲ့ ကျမနဲ့ဆိုတာက ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ မိုးနဲ့မြေလို ကွာခြားပါတယ်။ ကျမ ဒီနိုင်ငံမှာ လုပ်နေတယ်ဆိုတာ လွတ်လပ်မှုရှိတယ်၊ ကျမအနေနဲ့ ဘာအန္တရာယ်မှ မရှိဘူး။ ကျမမှာ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုဆိုတာ ဘာမှမရှိဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အများကြီးရှိတယ်။ ထောင်ကျခံရမယ်ဆိုတာ သူတို့သိတယ်။ သူတို့က အရမ်းကို ရဲရင့်ပါတယ်။ အဲဒီလိုမျိုး ဆုံးဖြတ်ချက်ချရဲတဲ့သူတွေနဲ့ ကျမနဲ့ ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ ဒါပေမယ့် ကျမ မြင်မိတာကတော့ ဒီလူ့အခွင့်အရေး လှုပ်ရှားမှု၊ မြန်မာ့အရေး လှုပ်ရှားမှုဆိုတာကတော့ လူတိုင်းနဲ့ ဆိုင်တယ်လေ။ အခုဆိုရင် ကျမတို့ရဲ့ အရှေ့မှာ ဦးဝင်းတင်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကျမတို့ အဖေတို့ သူတို့ မျိုးဆက်အရသူတို့ တာဝန် ကျေအောင် လုပ်ခဲ့ပြီးသွားပြီ။
ကျမတို့ မျိုးဆက်ရောက်လာပြီဆိုတော့ ကျမတို့ တာဝန်ကျေအောင် ကျမတို့ လုပ်ရမယ့် အချိန်ရောက်လာပြီ။ အဲဒါကြောင့် ကျမတို့လူငယ်တွေ ထွက်ပြီးတော့ လုပ်တာလို့လည်း မြင်တယ်။ တာဝန်ကျေအောင်၊ ကမ္ဘာကို ပြောအောင် ကျမတို့ လူငယ်တွေ တာဝန်ထပ်ပြီး ထမ်းဆောင်နေပါပြီ ဆိုတာမျိုး ပြောချင်လို့၊ ပြီးရင် ကိုယ့်နိုင်ငံကို တခုခုလုပ်ပေးချင်လို့ လုပ်တာလို့လည်း မြင်မိတယ်။
မေး။ ။ ဝေနှင်းပွင့်သုန်အနေနဲ့ ဘန်ဂျီ ခုန်မယ်ဆိုတာလည်း ကြားတယ်။ အဲဒါ ဘယ်နေ့၊ ဘယ်မှာ ခုန်မှာလဲ။ ဘာကြောင့် ခုန်ချင်ရတာလဲ။
ဖြေ။ ။ အောက်တိုဘာ ၁၆ ရက်နေ့ စနေနေ့မှာ ခုန်မှာပါ။ အဲဒါက အိုတူး အရီနာလို့ခေါ်တယ်။ ဒီမှာ စတိတ်ရှိုးတွေ၊ ပွဲလမ်းသဘင်တွေ လုပ်တဲ့နေရာမှာပေါ့။ အဲဒီ အိုတူး အရီနာရဲ့ အပြင်မှာ ခုန်မှာ။ ကျမက ရိုလာ ကိုစတာ စီးရတာကို ကြိုက်တယ်။ ဒါပေမယ့် ဘန်ဂျီကတော့ တခါမှ မခုန်ဖူးဘူး။ ရုပ်ရှင်မှာ တွေ့တဲ့ အခါကျတော့ ကိုယ်က လုပ်ချင်တယ်။ အဲဒီလိုမျိုး ထူးထူးခြားခြား။ နောက်တော့ ပြန်စဉ်းစားကြည့်တဲ့ အခါကျတော့ နယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံရေး အကျဉ်းသား ဟောင်းတွေကို အရမ်းအကူအညီ ပေးချင်တယ်။ သူတို့မှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်။ စားစရာ သောက်စရာ ပိုက်ဆံ အဲဒီလောက် မရှိဘူး။ ပြီးတော့ ဆေးဝါးကုသမှုအတွက်လည်း ပိုက်ဆံ လုံလုံလောက်လောက် မရှိဘူးပေါ့။ အဲဒီအခါကျတော့ ကျမ သူတို့ကို အရမ်း ကူညီချင်တယ်။ ကျမအနေနဲ့ ပိုက်ဆံ စုပြီး လှူဖို့ဆိုရင်လည်း အဲဒီလောက် အများကြီး တတ်နိုင်မှာ မဟုတ်ဘူး။ ဆိုတော့ ကျမ ဒီ Burma Campagin နဲ့ အဲဒီလိုမျိုး ရန်ပုံငွေ ရှာဖွေရေး လုပ်မယ်ဆိုပြီးပေါ့။ အကူအညီ ရတဲ့ အခါကျတော့ ပိုပြီး သူတို့ကို ကူညီလို့ရမယ်ဆိုတာ မြင်မိလို့ အဲဒီလိုမျိုး လုပ်မိတာ။
မေး။ ။ တချို့က ဘန်ဂျီခုန်တယ်ဆိုတာ အပျော်သဘောအနေနဲ့ ခုန်ကြတာပဲများတယ်လေ၊ အခု ဝေနှင်းပွင့်သုန်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ခုန်တယ်ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေကို အကူအညီပေးချင်ရုံ သက်သက်ပဲလား တခြား ဘာအကြောင်းတွေ ရှိသေးလဲ။
ဖြေ။ ။ ကျမပြောချင်တာက ဒီနိုင်ငံက လူငယ်တွေလည်း ပါတယ်။ လူငယ်ဆိုတာ ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေတင် မဟုတ်ဘူး။ လူငယ်တွေအကုန်လုံးပေါ့။ ဘာလို့လဲ ဆိုတော့ သူတို့က သိပ်မသိဘူး။ လူ့အခွင့်အရေး ဆိုတာ ရနေပေမယ့်လည်း ရနေမှန်းကို မသိဘူး။ ကျမက လူတိုင်းကို ပြောချင်တာက ဒီနိုင်ငံမှာ လူ့အခွင့်အရေး ဆိုတာရှိတယ်။ လွတ်လပ်မှုဆိုတာရှိတဲ့ အခါကျတော့ ဒီလိုမျိုး ဘယ်သူမှ ဂရုမစိုက်ဘဲနဲ့ အပျော်သဘော ဟေးလား ၀ါးလားလုပ်တဲ့ အရာတခုကို ကိုယ့်အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ အရာ၊ ပိုပြီးတော့ လူတွေကို ကူညီလို့ ရတဲ့ အရာတခုလိုမျိုး ပြောင်းချင်ရင် ပြောင်းလို့ရတယ်၊ ကိုယ့်မှာ ပြောင်းပိုင်ခွင့်ရှိတယ် ဆိုတာမျိုးကို ကျမ ပြချင်တာ။ ။
source by : http://www.irrawaddy.org
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment