မြန်မာလုပ်သား တထောင်ကျော် ထိုင်းတွင် ၃ ရက်မြောက် ဆန္ဒပြ
မြင့်မောင် | ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က ဖျက်ဆီးပစ်သည်ဆိုကာ ထိုင်းနိုင်ငံ Khon kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ တရားဝင် မြန်မာလုပ်သား ၁,ဝဝဝ ကျော် ၃ ရက်မြောက်ဆက်ပြီး ဆန္ဒပြနေသည်။
မြန်မာလုပ်သား ၆ ဦး ၃ ရက်ဆက်တိုက် အလုပ်ပျက်သဖြင့် ယခုလ ၇ ရက်နေ့က အလုပ်ထုတ်ခံရစဉ် ၎င်းတို့ နိုင်ငံကူးကဒ်များ ပြန်တောင်းရာ အလုပ်ရှင်ဘက်က ဖျက်ဆီးထားကြောင်း တွေ့ရအပြီး နောက်ရက်တွင် စက်ရုံအနီး အလုပ်သမားများ ဘုရားရှိခိုးဝင်းအတွင်း စတင်ဆန္ဒပြကြသည်။
ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က ဖျက်ဆီးပစ်၍ ထိုင်းနိုင်ငံ Khon kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ တရားဝင် မြန်မာလုပ်သား ၁,၀၀၀ ကျော် ၃ ရက်မြောက်ဆက်ပြီး ဆန္ဒပြနေ
လုပ်လာစဉ်တုန်းက တနှစ်ကို ဒီမှာ လုပ်ရမယ်၊ နောက်တနှစ်ကို အပြင်မှာ လုပ်စားခွင့် ရှိတယ်၊ သက်တမ်းတိုးလို့ ရတယ်ဆိုပြီး ထုတ်ပေးလိုက်တာ။ အဲဒါ အလုပ်ရှင်က ပတ်စ်ပို့ ဗီဇာတွေကို မင်တွေနဲ့ ဖျက်ထားတယ်။ Cancel ဆိုတာ ရေးပြီးတော့ ကျနော်တို့လက်ထဲ ပြန်အပ်တော့ ဘာမှ သုံးမရတော့ဘူး” ဟု ဦးဆောင်ဆန္ဒပြသူ ကိုဇော်မင်းနိုင်က မဇ္ဈိမကို ပြောသည်။
ဆန္ဒပြခေါင်းဆောင် နောက်တဦးဖြစ်သည့် ကိုမိုးထက်က“ဒီမှာ အလုပ် ၃ ရက် ပျက်လို့ရှိရင် အလုပ်ထုတ်ခွင့်ရှိတဲ့ ဥပဒေ ရှိပါတယ်။ အဲဒီဥပဒေနဲ့ ငြိလို့ အလုပ်ထုတ်တယ်လို့ ပြောပါတယ်။ အမှန်တကယ် အလုပ်သမားတွေအလုပ်ပျက်တာက ကျန်းမာရေးကြောင့်ပါ” ဟု ပြောသည်။
ဆန္ဒပြပွဲနှင့်ပတ်သက်၍ Dechapanich စက်ရုံကို ဆက်သွယ်မေးမြန်းသည့်အခါ စက်ရုံအရာရှိက ဆန္ဒပြနေတာ ဟုတ်မှန်ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ဖြေကြားရန် ငြင်းဆိုသည်။
ထိုင်းနိုင်ငံရှိ MAP Foundation နှင့် ရောင်ခြည်ဦး အလုပ်သမား ကူညီဆောင်ရွက်ရေးအဖွဲ့တို့က ဆန္ဒပြသူများကို ကူညီနေကြရာ MAP က ထိုင်းနိုင်ငံ အလုပ်သမား စီမံခန့်ခွဲရေးဌာန၊ ရဲမှူးချုပ်နှင့် အမှတ် ၄ ရဲမှူးကြီးထံ အမြန်ဆုံး ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။
’’အလုပ်သမားတွေကို မြန်မာနိုင်ငံ ပြန်မပို့ဘဲ ဥပဒေအရ စောင့်ရှောက်ပေးဖို့၊ အဖြစ်မှန် ဖော်ထုတ်ပေးဖို့၊ တရားဥပဒေအတိုင်း ကူညီပေးဖို့ ထည့်သွင်းတောင်းဆိုထားတယ်။ အလုပ်သမားတွေ အကြွေးယူ စားသောက်ရတဲ့ဆိုင်ကို အလုပ်ရှင်က ပိတ်လိုက်တဲ့အတွက် အခက်အခဲဖြစ်နေတဲ့အတွက် ဆိုင်ပြန်ဖွင့်ပေးဖို့ အလုပ်ရှင်ကို ကျမတို့ ပြောခဲ့တယ်’’ ဟု MAP အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Mai Mai က ပြောသည်။
Khon kaen မြို့ရှိ စက်ရုံများ၌ အခြား တရားဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ တနေ့လျှင် ၁၅၇ ဘတ် ရသော်လည်း Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ မြန်မာလုပ်သားများကို ဘတ် ၁၄ဝ သာ ပေးပြီး တရက် တနာရီခွဲ အခမဲ့ လုပ်ပေးရသည်။ အချိန်ပိုအတွက် တနာရီလျှင် ဘတ် ၃ဝ သာ ပေးသည်။
စက်ရုံ၌ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်မှ မြန်မာ ၂,၁၄၇ ဦး အလုပ်လုပ်နေသည်။
ဘန်ကောက် မြန်မာသံရုံးမှ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment