9/03/2010

အကြို လျှို့ဝှက်စစ်တမ်း ကောက်ယူရာတွင် ကြံ့ဖွံ့ပါတီ ရှုံး


ဧရာဝတီ | ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် ပြုလုပ်သော ရွေးကောက်ပွဲ အကြို လျှို့ဝှက် စစ်တမ်း ကောက်ယူရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရှုံးနိမ့်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

“လျှို့ဝှက်စစ်တမ်းအရ ကြံ့ခိုင်ရေးပါတီဟာ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသော်လည်း စစ်တမ်းကို မည်ကဲ့သို့ ကောက်ယူခဲ့သည်၊ လူဦးရေမည်မျှအပေါ် အခြေခံခဲ့သည်ဆိုသည်ကိုမှု ပြောကြားခြင်း မရှိပေ။

“ရှမ်းပြည်မှာ တိုင်းရင်းသားတွေက သူတို့ တိုင်းရင်းသားပါတီကိုပဲ မဲပေးကြမယ်ပြောတယ်။ ရန်ကုန်က အများစုကတော့ မဲမပေးမယ့်သူ များတယ်” ဟု အဆိုပါစစ်တမ်းကို အခြေခံကာ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိက ပြောသည်။

ထိုသို့ ရှုံးနိမ့်သောကြောင့် နအဖ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး နိုဝင်ဘာလ ၇ ရက် နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နည်းလမ်းပေါင်းစုံသုံးကာ အနိုင်ရရေး ဆောင်ရွက်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နအဖ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဦးဆောင်သည့် ကြံ့ဖွံ့ပါတီသည် ပါတီဝင် ၁၆ သန်းခန့်ရှိသည်ဟု ပြောဆို ထားပြီး မဲဆန္ဒနယ် အားလုံး ယှဉ်ပြိုင်နိုင်မည်ဟုလည်း သတင်း ထွက်ပေါ်နေသည်။

လွှတ်တော် အသီးသီးအတွက် မဲဆန္ဒနယ်ပေါင်း ၁၀၀၀ ကျော်အနက် ကျန်ပါတီများသည် နေရာပေါင်း ၅၀၀ ခန့်သာ ပါဝင် ယှဉ်ပြိုင်နိုင်မည်ဖြစ်သဖြင့် ကြံ့ဖွံ့ပါတီက နေရာပေါင်း ၅၀၀ ကျော်တွင် ပြိုင်ဘက်မရှိ အနိုင်ရသွားမည်ဟုလည်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ယခု တပတ်ထုတ် ပြည်တွင်းဂျာနယ် တစောင်တွင် ပြောကြားထားသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။ မှတ်ပုံတင်ခွင့်ရပြီးသော နိုင်ငံရေးပါတီ ၄၂ ခုအနက် ယနေ့အထိ ပါတီဝင် အင်အား စာရင်း တင်ပြ သည့် ပါတီစုစုပေါင်း ၃၃ ပါတီ ရှိပြီဖြစ်သည်။

source by :ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: