ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ တရုတ်နိုင်ငံရောက်ရှိ
ပေါက်ပေါက် | နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့်အဖွဲ့သည် တရုတ်နိုင်ငံ ပီကင်းမြို့သို့ ယမန်နေ့က ရောက်ရှိလာပြီး တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့အား တွေ့ဆုံရန်ရှိသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ မကြာသေးမီက အရပ်ဝတ်လဲခဲ့သည့် သူရ ဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ လိုက်ပါသွားသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ စီးပွားကူးသန်းဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ သိပံ္ပနှင့်နည်းပညာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးတို့လည်း လိုက်ပါသွားကြောင်း ယနေ့ထုတ် နအဖ သတင်းစာတွင် ဖော်ပြထားသည်။
တရုတ်သမ္မတ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယခုလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၅) ရက်ကြာ အလည်အပတ်လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်တွင်းအခြေအနေအရပ်ရပ် ဖြစ်ထွန်းတိုးတက်မှုများအား အမြင်ချင်း ဖလှယ်မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး ခရီးစဉ်အတွင်း ရှန်ဟိုင်းကုန်စည်ပြပွဲနှင့် ကွမ်ဒေါင်း ပြည်နယ်ရှိ ရှိန်းကျိန့်မြို့သို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မစ္စစ် ကျန်းယု (Jiang Yu) က ယခုလ (၂) ရက်တွင် ကြိုတင်ပြောဆိုထားသည်။
ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်တပ်မှ နုတ်ထွက်ထားသူ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Chen Bingde နှင့် ယမန်နေ့က ပီကင်းတွင် တွေ့ဆုံခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် တရုတ်စစ်ဦးစီးချုပ်က စစ်ရေးအရ မြန်မာနှင့် ဆက်ဆံဆောင်ရွက်နေမှုအပေါ် တန်ဖိုးထားပါကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုများက နှစ်ဖက်စလုံးကို အကျိုးဖြစ်ထွန်းကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရည်မျှော်ကာ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) မိုင်းလားတပ်ဖွဲ့တို့အား နအဖက နယ်ခြားစောင့်တပ်ဖွဲ့ရန် သို့မဟုတ် လက်နက်စွန့်ရန်အထိ ရာဇသံပေးခဲ့မှုအပေါ် အဖွဲ့အစည်းအသီးသီးက လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက တုံ့ပြန်ခဲ့ပြီး ယခုခရီးစဉ်ပေါ်ထွက်လာခဲ့သဖြင့် တရုတ်အစိုးရကတဆင့် တရုတ်နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များအပေါ် ဖိအားပေးမှုများ လုပ်လာမည်လားဟု ထင်မြင်မှုများလည်း အဖွဲ့အစည်းများအကြား ရှိနေသည်။
၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး တရုတ်အစိုးရသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု၏ ပြည်တွင်းရေး ဝင်မစွက်ဖက်သည့်မူကို အမြဲတမ်းစောင့်ထိန်းခဲ့ပါကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ယခုရွေးကောက်ပွဲကို အပြုသဘောဆောင်သည့် အကူအညီများ ပေးမည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မစ္စစ် ကျန်းယုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ ရောက်ရှိနေခိုက် ယမန်နေ့တွင် ပြောဆိုခဲ့သည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment