ကြံ့ဖွံ့ပါတီ ပိုမိုတက်ကြွစွာ စည်းရုံးလှုပ်ရှား
မျိုးချစ်သူ | စစ်အစိုးရ ဦးစီးကျင်းပမည်ဆိုသော ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ပါတီကသာ အသာစီးရ စည်းရုံးလှုပ်ရှားနေကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုနေသည်။
လာမည့် နိုဝင်ဘာ (၇) ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် သြဂုတ် (၁၃) ရက်တွင် တရားဝင် ကြေညာခဲ့ပြီးသည့်နောက် ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်ဆန္ဒမဲပေးရေး ၀ါဒဖြန့်သီချင်းများနှင့် ဇာတ်လမ်းများကို စစ်အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းများနှင့် ရေဒီယိုလိုင်းများမှ စတင်ထုတ်လွှင့်လျက်ရှိသည်။
ပြည်သူများက ရွေးကောက်ပွဲကို လုံးဝစိတ်ဝင်စားမှုမရှိကြသော်လည်း ကြံ့ဖွံ့ပါတီအနေဖြင့် အလွန်တက်ကြွနေကာ စည်းရုံးရေးများကို ယခင်ထက် ပိုမိုလုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ပြည်သူများအနေဖြင့် မည်သည့်ပါတီကို မဲပေးရမည်၊ ပြည်သူ့လွှတ်တော်တွင် မိမိကိုယ်စား ၀င်ရောက်ပြောဆိုနိုင်မည့် မည်သည့်ကိုယ်စားလှယ်ကိုသာ ရွေးသင့်သည်ဟူသော သုံးသပ် စဉ်းစားတွေးခေါ်နိုင်မှုတို့အတွက် ပါတီဝင်များ၊ နိုင်ငံရေးကျွမ်းကျင်သူများ၊ နိုင်ငံရေးစိတ်ဝင်စားသူများနှင့် သတင်းမီဒီယာအသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် လှုံ့ဆော်နေရမည့်အချိန် ရောက်ရှိနေသော်လည်း ယခုတိုင် မည်သည့်ပါတီ၊ မည်သည့်မီဒီယာကမှ လွတ်လပ်စွာ ပြောဆို ဟောပြော စည်းရုံး ရေးသားနိုင်မှု မရရှိသေးကြောင်း ရန်ကုန်အခြေစိုက် သတင်းမီဒီယာသမားများက ပြောဆိုသည်။
ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက “ရန်ကုန်မှာ အခြေခံလူတန်းစားတရပ်က ဘယ်သူ့ကိုမေးမေး ကြံ့ဖွံ့ဆိုတာကိုတော့ အားလုံးသိတယ်။ ဒါပေမယ့် ကြံ့ဖွံ့ဟာ ပါတီလား အသင်းလားဆိုတာ အခုထိ တိတိကျကျ မသိကြသေးတာရှိတယ်။ သေချာတာက သူတို့သိတာ ကြံ့ဖွံ့ဖြစ်တဲ့အတွက် ကြံ့ဖွံ့ကိုပဲ မဲပေးလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်က အခြေခံလူတန်းစားတွေအနေနဲ့ စာဖတ်အားနည်းတယ်၊ ဘယ်သူက ဘာဆိုတာကိုလည်း နားမလည်ကြဘူး” ဟု ရှင်းပြသည်။
နိုင်ငံရေးပါတီများမှာမူ ရွေးကောက်ပွဲအတွက် အချိန်မီ ကိုယ်စားလှယ်လောင်း တင်သွင်းရမည့်ရက်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေသည်ဟု သိရသည်။
ယနေ့ သြဂုတ် (၁၆) ရက်မှ (၃၀) ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရမည်ဟူသော ကြေညာချက်ကြောင့် ပါတီအများစုမှာ အချိန်မီလုပ်ဆောင်နိုင်ရန် အခက်အခဲများရှိနေသော်လည်း ကြံ့ဖွံ့ပါတီမှာမူ လုံးဝအခက်အခဲမရှိဘဲ လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။
စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ဖူးသူ လူငယ်တဦးကမူ “ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြည့်တွေးပါစေ၊ ကြံ့ဖွံ့ပါတီကို နားလည်ပေးလို့မရဘူး။ ဒီပါတီကို ကျနော်တို့က စစ်အစိုးရပဲလို့ မြင်ထားတာ၊ ဖျောက်လို့မရဘူး၊ ဒါ့ကြောင့် မဲမပေးဘူး” ဟု ပြောသည်။
ရန်ကုန်ပြည်သူတို့မှာ ရွေးကောက်ပွဲလုပ်မည့်ရက်ကို စိတ်မ၀င်စားဘဲ ၎င်းတို့စားဝတ်နေရေးအတွက်သာ လှုပ်ရှားနေကြကြောင်း ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူတဦးက ပြောပြသည်။
၎င်းက “ရွေးကောက်ပွဲက အရေးမကြီးဘူး၊ စားဖို့ကအရေးကြီးတယ်။ အခု ကိုယ်တွေမှာ မိသားစုတွေအတွက်၊ သားသမီး ကျောင်းစရိတ်အတွက်၊ ကျန်းမာရေးအတွက် ဒါတွေကိုပဲ တွေးနေရတာ” ဟု ပြောသည်။
ကိုယ်စားလှယ်တဦးလျှင် ငွေကျပ် (၅) သိန်းကို မှတ်ပုံတင်ကြေးအဖြစ် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်သွင်းရမည်ဖြစ်ပြီး နိုင်ငံရေးပါတီတခုသည် အနည်းဆုံး မဲဆန္ဒနယ် (၃) နေရာတွင် လွှတ်တော်အမတ်လောင်းများ ပါဝင်ယှဉ်ပြိုင်ရမည်ဟု ရွေးကောက်ပွဲဥပေဒေတွင် ပါရှိသည်။
ယင်းအတွက် သုံးနေရာမပါဝင်နိုင်ပါက ဥပဒေအရ ပါတီကိုဖျက်သိမ်းခံရမည်ဖြစ်ရာ ငွေကြေးအခက်အခဲရှိသော ပါတီများအနေဖြင့် ပါတီဖျက်သိမ်းခံရနိုင်ဖွယ်ရှိနေပြီး အရေအတွက်အားဖြင့် သုံးပုံနှစ်ပုံခန့် ရှိနေသည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သိရသည်။
ယခုအခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်အဖွဲ့ (၄၇) ဖွဲ့ရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၄၁) ပါတီအနက် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီများက ပါတီဝင်အင်အားစာရင်း တင်ပြကြရာတွင် ပါတီ (၁၄) ပါတီသာရှိသေးကြောင်း ကော်မရှင်၏ တရားဝင်စာရင်းများအရ သိရသည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment