8/19/2010

သီတဂူဆရာတော်ဘုရားကြီး အင်းစိန်ထောင်၌ တရားချီးမြင့်မည်

အေးနိုင် | နာမည်ကျော် တရားဟောဆရာတော် သီတဂူ ဆရာတော် ဘုရားကြီးက အင်းစိန်ထောင်တွင်း အကျဉ်းသား ကိုးထောင်ကျော်ကို ညမနက်စာ ကျွေးမွေးပြီး တရားဓမ္မ ချီးမြှင့်မယ်လို့ သိရပါတယ်။

သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရဟာ လာမယ့်သြဂုတ် ၂၁ ရက်ကျရင် ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းမှာ အကျဉ်းသားတွေနဲ့ အကျဉ်းဦးစီး ဌာန၀န်ထမ်းတွေကို တရားချီးမြှင့် ဟောကြားတော်မူမယ်လို့ သီတဂူအပြည်ပြည် ဆိုင်ရာ သာသနာပြုအဖွဲ့ က ပြောပါတယ်။ အင်းစိန်ထောင်ထဲက အကျဉ်းသား ကိုးထောင်ဝန်းကျင်နဲ့ အကျဉ်းဦးစီးဌာန ၀န်ထမ်းတွေကို မနက်စာ ဒန်ပေါက်ထမင်း၊ ညနေစာ ထမင်းဖြူနဲ့ ကြက်သားဟင်း ကျွေးမွေးမှာလို့ ဆိုပါတယ်။ အကျဉ်းသားတွေအတွက် အသုံးတည့်မယ့် မြန်မာဆေး၊ အင်္ဂလိပ်ဆေး၊ မျက်နှာသုတ်ပုဝါ၊ သောက်ရေသန့်၊ ဖျော်ရည်တွေလည်း လှူဒါန်း မယ့်အပြင် နေ့လည် တနာရီထိုးကနေ သုံးနာရီထိ နှစ်နာရီကြာ တရားချီးမြှင့်မယ်လို့ အဖွဲ့အတွင်းရေးမှူး ဦးဟန်က ပြောပါတယ်။
“အင်းစိန်ထောင်မှာ ကျနော်တို့က မနက်ကတော့ ဒံပေါက်ထမင်းပေါ့၊ ည စာအတွက်ကတော့ ထမင်းဖြူ၊ ကြက်သားကျော်၊ ငပိကျော်နဲ့ ပဲပြားကျော်ပေါ့နော်၊ အဲလိုလေးနဲ့ စုံစေ့အောင်လုပ်ပေးဖို့ နေ့လည် တနာရီ၊ နှစ်နာရီ ထိုးမှာ တရားကို ဆရာ တော်ကြီးက ချီးမြှင့်မယ်၊ သုံးနာရီလောက်ထိ ချီးမြှင့် ပြီးတော့ ညနေစာအတွက်နဲ့ မနက်စာအတွက်ပါ နှစ်ခုလှူဒါန်းဖို့ပါ၊” ဒီဒါနပြုတရားပွဲကို အခုလ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ၀ါခေါင်လပြည့် မေတ္တာ အခါတော်နေ့ ကို ရည်စူးလုပ်တာဖြစ်ပြီး အာဏာပိုင်တွေနဲ့ ဆရာတော်အား လပ်ရက် ညှိနှိုင်းပြီး ၂၁ ရက်နေ့ကို ကျွေးမွေး တရားဟောဖို့ သတ်မှတ်စီစဉ်တာဖြစ် ပါတယ်။ ကျပ်ငွေသိန်းငါးရာဝန်းကျင်ကျသင့်မယ့် ဒီလှူဒါန်းမှုကို ဆရာတော်ကြီးနဲ့ တပည့် တကာ ၊တကာမတွေက စုပေါင်းထည့်ဝင် လှူဒါန်းကြတာဖြစ်ပါတယ်။ သီတဂူဆရာတော်ဘုရားကြီးဟာ အရင်တုန်းကလည်း အင်းစိန်ထောင်နဲ့ မန္တလေး အိုးဘိုထောင်တွေမှာ အလားတူ လှူဒါန်းတရားချီးမြှင့်ခဲ့ဖူးပြီး အခုအကြိမ် ဟာ စတုတ္တအကြိမ် ဖြစ်တယ်လို့ဆိုပါတယ်။

နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့တုန်းက ရေ ဘေးဒုက္ခသည်တွေအတွက် ဦးစားပေးလှူဒါန်းနေတာကြောင့် ထောင်အလှူကို ခေတ္တရပ်ခဲ့ပြီး အခုပြန်လုပ်တာပါလို့ ဦးဟန်က ပြောပါတယ်။
မေတ္တာအခါတော်နေ့လို့ သတ်မှတ်တာကတော့ မြတ်စွာဘုရားရှင်လက် ထက်က မြတ်စွာဘုရားရှင်က ရဟန်းငါးရာတို့ကို မေတ္တသုတ်တရားတော်ဟော ပြောတော်မူခဲ့တဲ့နေ့ကို အစွဲပြုပြီး ခေါ်ဝေါ်တာလို့ သိရပါတယ်။

source by : DVB

0 ယောက်ရဲ့ထင်မြင်ချက်: