8/13/2010

ပြည်ထောင်စုဒီမိုကရေစီ ပါတီဝင်တဦး ထပ်မံနုတ်ထွက်



တက်လူ | ပြည်ထောင်စုဒီမိုကရေစီပါတီ၏ နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးညိုထွန်း (ရုပ်ရှင်နှင့် ဗီဒီယိုဒါရိုက်တာ သျှိုညိုထွန်းသိန်း) သည် ပါတီမှနုတ်ထွက်ကာ ရွေးကောက်ပွဲတွင် ပါဝင်တော့မည်မဟုတ်ကြောင်း ယင်းပါတီမှ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ဦးညိုထွန်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၈၉ မှ ၁၉၉၈ ခုနှစ်ထိ အကျဉ်းကျခံခဲ့ရသူဖြစ်သည်။

“မိသားစုစားဝတ်နေရေးအရ ရုပ်ရှင်ရိုက်ကူးမှု ဒါရိုက်တာလုပ်ငန်းတွေကို ဦးစားပေးတော့မှာဖြစ်လို့ ရွေးကောက်ပွဲမှာ မပါဝင်တော့တာပါ။ ဒါ့ကြောင့် နုတ်ထွက်တာ” ဟု ဦးညိုထွန်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် (၅) ရက်၌လည်း ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးမင်းသိန်းက စစ်အစိုးရ ရွေးကောက်ပွဲသည် တရားမျှတမှုကင်းမဲ့သည်ဟု ဝေဖန်ကာ ပါတီတာဝန်မှ နုတ်ထွက်၍ ၂၀၁၀ ရွေးကောက်ပွဲအခင်းအကျင်းသို့ မ၀င်တော့ရန် ဆုံးဖြတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

စစ်အစိုးရ ကျင်းပမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများနှင့် နိုင်ငံရေးနှင့်ပတ်သက်၍ အကျဉ်းကျခဲ့သူများ အပါအ၀င် ပါတီဝင်ကြသူများကို နအဖက နည်းမျိုးစုံဖြင့် ကန့်သတ်စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ရွေးကောက်ပွဲဝင်ကြမည့် ပါတီများအနေဖြင့် မတရားမှုများ ကြုံတွေ့နေရသဖြင့် ယင်းသို့စစ်ဆေးခြင်း မပြုလုပ်ရန်
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ရွေးကောက်ပွဲကော်မရှင်သို့ ပြီးခဲ့သည့်သြဂုတ် (၉) ရက်တွင် စာတင်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု အစိုးရပိုင် ရုပ်သံလွှင့်မီဒီယာများမှ ယနေ့နံနက်ပိုင်းတွင် ကြေညာခဲ့သည်။

source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: