8/19/2010

စည်းကမ်းပျက် နေပြည်တော်

ကျော်ခ | ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် လမ်းညွှန် ဆိုင်းဘုတ်များနှင့် မီးလုံးများကို ဖျက်ဆီးနေသူများ ရှိနေသည် ဟု နေပြည်တော် ရဲများက ပြောသည်။


ရန်ကုန်- နေပြည်တော် အဝေးပြေးအမြန်လမ်းမကြီး (photo:www.mymcnews.net)
မြို့တွင်း မြို့ပြင်ထွက် လမ်းများရှိ လမ်းညွှန် ဆိုင်းဘုတ်များ၊ အချက်ပြ မီးများ၊ လမ်းဘေးမီးလုံးများကို ဖြုတ်ချခြင်း၊ ရိုက်ခွဲ ဖျက်ဆီးခြင်းများ ယခုလဆန်းမှ စတင် ဖြစ်ပွားနေပြီး တရားခံ များကို လိုက်လံ စုံစမ်းနေသည်ဟု နေပြည်တော် အမှတ် (၁) ရဲစခန်းမှ ရဲအရာရှိ တဦးက ပြောသည်။

“အရင် ရက်ပိုင်းကတော့ နေပြည်တော် အဝိုင်းကြီးက မီးလုံး တွေကို တက်ပြီး ရိုက်ခွဲ သွားတယ်။ အခု ကားမှတ်တိုင် လမ်းညွှန် တွေကို ခွာပစ်တာတို့၊ တွန်းလှဲ ထားတာတွေ ရှိနေတယ်။ ဒီလိုလုပ်တဲ့ လူတွေကို ကျနော်တို့ စောင့်ကြည့် နေပါတယ်” ဟု အဆိုပါရဲအရာရှိက မဇ္ဈိမကို ပြောသည်။

မိမိတို့၏ နယ်မြေပိုင် အတွင်းမှာ အလားတူ ဖြစ်ပျက်မှုများရှိနေသော်လည်း စည်ပင်မှ တင်ပြလာမှုကို စောင့်ဆိုင်းနေကြောင်း နေပြည်တော် အခြေစိုက် အမှတ် (၃) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တဦးက ပြောသည်။

ယခုနှစ် မေလပိုင်းမှစ၍ ဇူလိုင်လထိ ယာဉ်စီးကမ်းထိန်းသိမ်းရေး ဌာနက နေပြည်တော်အတွင်း စည်းကမ်း ဖောက်ဖျက်ပြီး မောင်းနှင် သွားလာနေကြသော ကား၊ ဆိုင်ကယ်နှင့် ၃ ဘီးဆိုင်ကယ်များအား ဖမ်းဆီး ဒဏ်တပ်မှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။

“ဒီလိုလမ်းထိပ်တွေ ပွိုင့်ဇုန်တွေမှာ ဖျက်ဆီးတဲ့ ကိစ္စတွေကတော့ အဲဒီ ယာဉ်စည်းကမ်း ဒဏ်တပ်မှုတွေ နောက်ပိုင်းမှာ ဖြစ်လာ တာတွေပါ။ တချို့ အမူးသမား တွေက မထီမဲ့မြင် လုပ်ပြီး ဖျက်ဆီး တာတွေလဲ ရှိတယ်” ဟု အဆိုပါ အမှတ် (၃) ရဲအရာရှိက မဇ္ဈိမကို ပြောသည်။

ယခုနှစ် မတ်လကလည်း နေပြည်တော်၊ ဘောဂသိဒ္ဓိ ရပ်ကွက်၊ သမဝါယမ ဝန်ကြီးဌာန အိမ်တွင်း စက်မှု လက်မှုဦးစီး ဌာန ဝန်ထမ်းများ နေထိုင်သည့် တိုက်အမှတ် ၇၄၈ အခန်းအမှတ် ၃၂၊ ၃၃၊ ၃၄ တို့်မှ ရုံးဝန်ထမ်းများ ရုံးသွားတက်ချိန် နေ့လယ်ပိုင်းတွင် ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွားခဲ့သေးသည်။ ထိုအမှုကိုလည်း ယခုထိ တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။

source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်: