8/08/2010

(၂၂)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ-တိုကျို




(၂၂)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ဦးစီး၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် NGOအဖွဲ့များ ၊ ဂျပန်အလုပ်သမားသမဂ္ဂများနှင့် ဂျပန်လူမျိုးများ တို့လည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။







ရုပ်သံမှတ်တမ်း။ nldlajb.blogspot.com (ArrLue)

ရက်စွဲ။ ။ ၈.၈.၂၀၁၀

အခမ်းအနားကို Gotanta ပန်းခြံမှာ နေ့လည်(၂)နာရီကျော်မှာ စတင်ကျင်းပ ပြုလုပ်ပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လူထုအုံကြွမှုမှာ စွန့်လွတ်စွန့်စား အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် သူရဲကေါင်းအပေါင်းတို့ကို အလေးပြုခြင်း၊မိမိတို့၏ နိုင်ငံရေး ယုံကြည်ချက်များကြောင့် နေအိမ်များ၊အကျဉ်းထောင်များအတွင်း မတရား ဖမ်းဆီးခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးတို့ကို ဦးညွတ်ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ထိုနောက် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ်(IBMO)ဌာနခွဲ ရုံးခန်းတာဝန်ခံ ဆရာတော် ဦးဓမ္မဇောတိမှ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ် အဖွင့်အမှာစကား ပြောကြားပြီးသည့်နောက် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့ အစည်းအသီးသီး တာဝန်ရှိသူများတို့မှ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးသည့် ဒီမိုကရေစီ အဆုံးသတ် တိုက်ပွဲကြီးကို ဆင်နွဲကြဖို့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ မဆလ တပါတီ အာဏာရှင်စနစ်ကို ဖျက်သိမ်း အဆုံးသတ် နိုင်ခဲ့ပေမဲ့ အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုအောက်တွင် ယနေ့ချိန်ထိ ဆက်လက် တိုက်ပွဲဝင် နေကြရဆဲ  ဖြစ်ကြောင်း ရှစ်လေးလုံး အရေးတော်ပုံ စိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင် ဆင်နွဲကြဖို့ တိုက်တွန်း ပြောကြား သွားခဲ့ကြပါသည်။


နေ့လည် (၂း၃၀)နာရီ တိတိတွင် ပန်းခြံကနေ စတင်ထွက်ခွါပြီး ဂျပန်နိုင်ငံရဲ့ လူစည်ကားရာ မြို့ လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်းတလျှောက်တွင်လဲ တရားမျှတမှု မရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ “အလိုမရှိ”၊နအဖ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ “အလိုမရှိ”၊ မတရား အဖမ်းဆီခံ ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးအကျဉ်းသားများ “ချက်ချင်းလွတ်”ရှစ်လေးလုံး စိတ်ဓါတ်နဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်ပြစ် စသည့်ကြွေးကြော်သံများဖြစ် ချီတက်လာခဲ့ကြပြီး ချီတက် ဆန္ဒပြရာ လမ်းဘေးဝဲရာ လမ်းတလျှောက်တွင်လည်း ဂျပန်ပြည်သူများက အားပေးကြသည်ကို တွေ့ ရပါသည်။

ဆက်လက်ပြီး Shinagawa အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလုံဝ လက်မခံ ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် မတရား အဖမ်းဆီးနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံလွတ်ပေးရန် ထည့်သွင်းတောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက် တစောင်ကို သံရုံးသို့ ပေးပို့ခဲ့ကြပါသည်။ မြန်မာစစ်အခွန်ရုံး(သံရုံး) ရှေ့ဖြတ်သန်းကာ အနီးရှိ ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။

ကျင်းပရေးကော်မတီ ကိုယ်စား အခမ်းနားမှူး မှ ချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများကို ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ချီတက်ဆန္ဒပြပွဲ ကျင်းပနေပုံကို တိုက်ရိုက် ရုပ်သံအစီအစဉ်(Live Broadcast)ဖြင့် ထုတ်လွင့်ပြသခဲ့ပြီ http://www.burmacampaign.net/ Website မှ ရုပ်သံအစီအစဉ်များကို ၀င်ရောက်ကာ ကြည့်ရှုနိုင်ပါသည်။ချီတက်ဆန္ဒပြပွဲ သို့  မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား(၁၂၀၀)ခန့်  တက်ရောက်ကြောင်း သိရှိရပါသည်။

ယနေ့ (၂၂)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်နိုင်ငံ နာဂိုယာမြို့ နှင့် FUJI တောင်ပေါ်သို့ တက်ရောက်ကာ ဆုတောင်းသည့် အခမ်းအနားကိုပါ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)

0 ယောက်ရဲ့ထင်မြင်ချက်: