8/20/2010

ဒုံးခွင်းဒုံးနှင့် ဟယ်လီကော်ပတာများ အပြည့်အစုံပါသည့် တရုတ်စစ်သင်္ဘော ဆိုက်ရောက်မည်

မိုးမခ | တရုတ်နိုင်ငံမှ လာရောက်ခဲ့ဘူးသမျှ စစ်သင်္ဘောများအနက် အကြီးဆုံး ဖြစ်မည့် လက်နက်အပြည့်အစုံ ပါဝင်သည့် စစ်သင်္ဘော မကြာမီရက်ပိုင်းအတွင်း ရန်ကုန်သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လိမ့်မည်ဟု အမည်မဖေါ်လိုသော သီလ၀ါဆိပ်ကမ်းမှ လုံခြုံရေး အရာရှိတစ်ဦးက ပြောဆိုသည်။

(မကြာမီ ရန်ကုန်သို့လာရောက်မည့် တရုတ်စစ်သင်္ဘော DDGHM-168 သင်္ဘောကို အင်ဒိုးနီးရှားနိုင်ငံ အနီးတွင်တွေ့မြင်ရစဉ် )ယခုလာရောက်မည့် သင်္ဘောတွင် ဒုံးခွင်းဒုံး (cruise missile) များ၊ စစ်သုံး ဟယ်လီကော့ပတာများ အထိပါဝင်မည်ဖြစ်ပြီး ရေတပ်သားလည်း ရာနှင့်ချီပါဝင်လိမ့်မည်ဟု အဆိုပါ အရာရှိက ပြောသည်။ ယခင်က အိန္ဒိယနိုင်ငံမှ စစ်သင်္ဘောများသာ ဆိုက်ကပ်လေ့ရှိပြီး တရုတ်စစ်သင်္ဘောများ လာရောက်ခဲလှသည်ဟုလည်း သိရပြီး သီလ၀ါ ရေတပ်သင်္ဘောကျင်းသို့ လေ့လာရေး အစီအစဉ်လည်း ပါရှိသည်ဟု သိရှိရသည်။

မကြာမီလပိုင်းမှ စတင်ကာ သီလ၀ါရေတပ် သင်္ဘောကျင်းအနီးသို့ အရပ်ဘက် သင်္ဘောများ စက်လှေများ နီးကပ်စွာ ဖြတ်သန်းခွင့်မရှိပဲ ရေတပ်သင်္ဘောကျင်းတွင် ထုတ်ဖေါ်ခြင်း မပြုလိုသည့် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု လုပ်ကိုင်နေသည့် လက္ခဏာရှိသည်ဟုလည်း အရပ်ဘက် ရေယာဉ်များ၏ ပြောဆိုချက်အရ သိရသည်။
အတည်မပြုနိုင်သေးသော သတင်းတစ်ရပ်အရ သီလ၀ါ ရေတပ်သင်္ဘောကျင်းတွင် ရေငုပ်သင်္ဘောတည်ဆောက် နေသည့်အစီအစဉ်ရှိသည်ဟုလည်း လုံခြုံရေး သတင်းရပ်ကွက်က ပြောဆိုသည်။

နအဖ စစ်အစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် ယခုလို ရေတပ်ကိစ္စရပ်များတွင် နီးနီးကပ်ကပ်ဆက်ဆံလာခြင်းသည် ထူးခြားသည့် လက္ခဏာတစ်ရပ်ဟုလည်း ရန်ကုန်မှ နိုင်ငံရေး လေ့လာသူ တစ်ဦးက မှတ်ချက်ပေးသည်။

source by :မိုးမခ

0 ယောက်ရဲ့ထင်မြင်ချက်: