ရှုံ့ချကန့်ကွက်ရုံမှတစ်ပါး တစ်ခြားမရှိပြီ ...
မြန်မာဆိုတာ ဗမာကိုသာပြောခြင်းမဟုတ်။ တိုင်းရင်းသားလူမျိုးစုကြီး(၇)ခုပေါင်းစည်းထားသောနိုင်ငံကို မြန်မာနိုင်ငံဟုခေါ်တွင်ပါသည်။ သူတို့အားလုံးကို မြန်မာလူမျိုးဟုသတ်မှတ်ရပါသည်။ မြန်မာလူမျိုးဆိုတာ ယဉ်ကျေးသိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်များနဲ့ ကမ္ဘာမှာ စံတင်သတ်မှတ်ခြင်းခံခဲ့ရတာပါ။
မြန်မာဆိုတာ ကမ္ဘာမှာ အယဉ်ကျေးဆုံးနိုင်ငံပါဟု ကြွေးကြော်နိုင်ခဲ့သလို မြန်မာကို ကမ္ဘာကလည်း အထင်ကြီးလေးစားမှုကို ရရှိခံစားခဲ့ကြပါသည်။ သမိုင်းအစဉ်အလာတစ်လျှောက် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်မပျက်တည်ရှိခဲ့ပြီး ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပျံ့ပွားရာ နိုင်ငံတစ်ခုလည်းဖြစ်သလို ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်ကြရာ နေရာ တစ်ခုလည်းဖြစ်ပါသည်။ထိုသို့လာရောက်လည်ပတ်ကြသော နိုင်ငံရပ်ခြားတိုင်းတပါးမှ နိုင်ငံခြားသားများသည် မြန်မာလူမျိုးများမှာ ချစ်စရာအလွန်ကောင်းသော ဓလေ့စရိုက်နှင့်လူမျိုးများဟု ချီးမွှမ်းထောပနာပြုခြင်းကို ခံကြရသည်။ မြန်မာအချင်းချင်း တစ်ဦးအပေါ်မှာတစ်ဦး သနားကြင်နာတတ်သောစိတ်ထားရှိသူ၊ အချင်းချင်းရိုင်းပင်းကူညီဖေးမတတ်သည့် စိတ်ထားရှိသောသူများဖြစ်သည့်အလျှောက် အလှူအတန်းလုပ်ရာတွင်လည်း အလွန်ရက်ရောတတ်ကြပြီး မွန်မြတ်ဖြူစင်သော စိတ်ထားရှိကြသူများဖြစ်ပါသည်။ အထူးသဖြင့် တောအရပ်ဒေသများ၌ နေထိုင်ကြသော မြန်မာလူမျိုးအများစုမှာ ရိုးသားပြီး ပွင့်လင်းဖော်ရွေတတ်ကြသူများပင်ဖြစ်ပါသည်။
ဤကဲ့သို့ ချစ်စရာကောင်းပြီး ယဉ်ကျေးပျူငှာမှုနဲ့ ဖော်ရွေစွာဆက်ဆံတတ်သော မြန်မာလူမျိုးတို့သည် ယခုအခါတွင် အဘယ့်ကြောင့် ကမ္ဘာ့အဆင်းရဲအမွဲတေဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေရသနည်း။
ရေမြေတောတောင် သဘာဝအလှအပရှုခင်းများနှင့် ကမ္ဘာ့အလယ်၌ထယ်ထယ်ဝါဝါ တည်ရှိခဲ့သောနိုင်ငံ၊ ဆန်ရေစပါးပေါကြွယ်ဝသည့်နိုင်ငံ၊ တွင်းထွက်သဘာဝသယံဇာတများပေါကြွယ်ဝသည့်နိုင်ငံကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသားများ ဆင်းရဲငတ်မွတ်ခေါင်းပါးနေကြသနည်း။
ထိုကဲ့သိုနေချင့်စဖွယ်ကောင်းသော မြန်မာနိုင်ငံအတွင်းမှ မြန်မာလူမျိုးများစွာတို့သည် ကိုယ့်တိုင်းပြည်၊ကိုယ့်ဒေသအိုးအိမ်ကို စွန့်ခွာထွက်ပြေးကြသနည်း။ အဘယ့်ကြောင့် သူတစ်ပါးတိုင်းပြည်မှာ အောက်ကျနောက်ကျခံကာ စီးပွားထွက်ရှာကြသနည်း။
တိုင်းတပါးရောက် မြန်မာလူမျိုးအများစုမှာလည်း မြန်မာစိတ်ဓါတ်တို့ကျပျောက်ကာ ငွေရရင်ပြီးရော ဘာမဆိုလုပ်ဝံ့သည့်စိတ်ဓါတ်များ၊ အဆုံးစွန်ဆုံး ပြည်ပရောက် ကိုယ့်နိုင်ငံသားချင်းတောင် ဘူဘူချင်းကုလားဖန်ထိုးတတ်ချင်ကြသည်။ တချို့ဆိုလျှင် ကိုယ့်တိုင်းပြည်တွင်းက ဆင်းရဲတွင်းနက်မှုဒဏ်ကို ရေရေလည်လည်ခံစားခဲ့ရသဖြင့် စိတ်နာကျည်းကာ နေရပ်သို့ပင်မပြန်လိုကြတော့ဘဲ ရောက်ရာတိုင်းတစ်ပါး၌ ချက်မြှုပ်နေထိုင်ကြကုန်သည်။ ဤသည်ကား ၄င်းတို့၏အပြစ်မဟုတ်။ ထိုတိုင်းပြည်ကို ဆင်းရဲတွင်းနက်သထက်နက်အောင် ဖန်တီးပြုလုပ်ကြသူတို့၏အပြစ်သာလျှင်ဖြစ်သည်။ တိုင်းပြည်က အစစအရာရာမှာ အောက်တန်းကစပြီး ရုန်းကန်နေရချိန်မှာ ကိုယ့်တိုင်းပြည်တွင်းရှိ မြန်မာလူမျိုးများဟာ မိမိတို့အနာဂါတ်ဘဝမှာ ကောင်းမွန်အဆင်ပြေစွာ နေထိုင်ရဖို့အရေး အလေးထားတွေးတောကာ တိုင်းတစ်ပါးသို့ အလျှိုလျှို ငွေရှာထွက်ကြလေတော့သည်။ ထိုသို့တိုင်းတစ်ပါးသို့ ထွက်ကာ ငွေရှာထွက်ရာတွင် ငွေမရဘဲ တချို့ဘဝတွေ ရေတိမ်နစ်ကြရရှာလေသည်။ တချို့ဘဝတွေ ပျက်စီးဆုံးရှုံးကြရရှာသည်။ တချို့ဘဝတွေ မရေမရာဖြစ်ကုန်ကြလေသည်။ မြန်မာတွေတိုင်းတပါးမှာ မျက်နှာငယ်စွာ အလုပ်လုပ်ကိုင်ကြရတော့သည်။ သူတပါးတံတွေးခွက်၌ ပက်လက်မျောကြရသည်။ သူပြုသမျှနုကြရရှာသည်။ တိုင်းတပါးသို့ နိုင်ငံရေးဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံကြရကုန်လေသည်။
ထိုအထဲတွင် အလုပ်အဆင်ပြေကာ အရင်အနှီးများစုဆောင်းမိ၍ မိမိနိုင်ငံသို့ပြန်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားသူတွေလည်းရှိသည်။ မည်သို့ဆိုစေ ဘဝကိုယ်စီ၊ ရင်တွင်းအပူမီးများကိုယ်စီနှင့် သူတို့လေးတွေရဲ့ အနာဂါတ်ရှေ့လျှောက်သာယာလှပဖို့အရေး ဘဝအဆင်မပြေမှုအကြာင်းထဲမှ ရွေးချယ်လျှောက်လှမ်းခဲ့ကြသော ထွက်ပေါက်တစ်ခုပင်ဖြစ်လေသည်။ ဤတွင်လူတချို့က ထိုလုပ်ရပ်သည်မှားယွင်းသည်ဟုလည်းကောင်း ပြစ်တင်ဝေဖန်ကဲ့ရဲ့ကြသလို လူတချို့က မှန်ကန်သင့်လျော်သည်ဟုလည်းကောင်း ထောက်ခံအားပေးကြသူများနှင့် တကွဲတပြားဖြစ်ကုန်ကြလေသည်။ မှန်ခြင်း၊ မှားခြင်းအရာကို ဘယ်အရာနှင့် ပေတံတိုင်းတာပြီး သူတို့ဆုံးဖြတ်ကြသလဲ။ အဖြေနှစ်မျိုးထွက်ပေါ်လာခြင်းမှာ စိတ်ဝင်စားစရာပင်။
မည်သည့်ကိစ္စကိုမျှ ရှည်ရှည်ဝေးဝေးကြီး ကြည့်နေစရာမလို။ အိမ်ထောင်တစ်ခုဆိုတာ အိမ်ထောင်ဦးစီးအပေါ်မှာ များစွာသက်ဆိုင်သလို သူ၏အိမ်ထောင်ရေးကိစ္စအဝဝကို သူကသာလျှင် ကိုင်တွယ်ဖြေရှင်းရသည်။ အိမ်၏ စားဝတ်နေရေးအကြပ်အတည်းပြဿနာအမျိုးမျိုးကို ပြေလည်အောင်ဖြေရှင်းနိုင်မှ ကျန်တဲ့ ဇနီးနှင့် သားသမီးများ၏ဘဝမှာ သာယာစိုပြေနိုင်ဖွယ်ရှိပါသည်။ အိမ်ထောင်တစ်ခုတည်မြဲခြင်း၊ မတည်မြဲခြင်းဟာလည်း အိမ်ထောင်ရေးအဆင်ပြေခြင်း၊ မပြေခြင်းများနှင့် သက်ဆိုင်ပါသည်။ အိမ်ထောင်ရေးအဆင်ပြေဖို့အတွက် တာဝန်အရှိဆုံးမှာ အိမ်ထောင်ဦးစီး၏တာဝန်ပင်ဖြစ်ပါသည်။ အိမ်ထောင်ရေးအဆင်ပြေဖို့အတွက် တာဝန်အရှိဆုံးမှာ အိမ်ထောင်ဦးစီးပင်ဖြစ်ပါသည်။ အိမ်ထောင်ပြိုကွဲပြီဆိုရင်လည်း အိမ်ထောင်ဦးစီး၏ စီမံခန့်ခွဲအုပ်ချုပ်မှု ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ပါသည်။
ထိုနည်းသဘောတရားပင် နိုင်ငံတစ်ခုရဲ့ စားဝတ်နေရေးအကြပ်အတည်းပြဿနာဟာလည်း ထိုင်နိုင်ငံကို စီမံအုပ်ချုပ်နေသော အစိုးရနှင့်သာ များစွာသက်ဆိုင်ပါသည်။ အစိုးရမကောင်းတော့ လူတွေတိုင်းတပါးသို့ ရွှေ့ပြောင်းနေထိုင်ကြကုန်သည်မှာမဆန်း။ တိုင်းရင်းသားလူမျိုးစုကြီးများနှင့် ပေါင်းစုဖွဲ့တည်ထားသော မြန်မာနိုင်ငံကြီးဟာလည်း စီမံခန့်ခွဲအုပ်ချုပ်သူတို့၏ အရည်အချင်းညံ့ဖျင်းသောကြောင့် ယခုအခါတွင် သူတလူငါတမင်း စိတ်ဝမ်းကွဲပြားကုန်ကြလေပြီ။ အာဏာရှင် စံနစ်ဆိုးရဲ့လက်အောက်မှာ တိုင်းပြည်ကြီးတစ်ခုလုံး အဘက်ဘက်ကနေ ချွတ်ခြုံကျခဲ့လေပြီ။ အခြေအနေအချိန်အခါအရ သမိုင်းများကို နောက်ကြောင်းပြန်သွားပြီး ခံစားတွေးတောနေမှာထက် လက်ရှိအခြေအနေကိုသာ ဦးစားပေးစဉ်းစားဆုံးဖြတ်ကြဖို့ အချိန်တန်လေပြီ။ ကိုယ်ကျိုးအတ္တကိုသာကြည့်ပြီး အများအကျိုးအတွက် မချင့်ငဲ့ဘဲ ကိုယ်ထင်ရာကိုယ်စိုင်းနေကြသော လက်ရှိအာဏာရှင်စစ်အစိုးရကို ပြင်းပြင်းထန်ထန်ဝိုင်းဝန်းရှုံ့ချရုံကလွဲလို့ တခြားသောနည်းလမ်းမရှိတော့ပြီ ...။
ဇွဲသွေးနောင်
“မိတ်ဆွေ များ၊ စာဖတ်ပရိတ်သတ် များအားလုံးကို ပထမဆုံး အနေနဲ့ ကျွန်တော်ညီငယ် တစ်ယောက် ကျွန်တော်တို့ရဲ့ ဒီဘလောဂ်မှာ စတင်ဝင်ရောက်ရေးသားခြင်းခြင်း အနေဖြင့် ဒီဆောင်းပါးလေးတစ်ပုဒ်နဲ့ အတူ မိတ်ဆက် ပေးလိုက်ပါတယ်ဗျာ။”
အားလုံးက ကြိုဆိုကြလိမ့် မယ်ထင်ပါတယ်ဗျာ။နောက်ဆိုရင် သူရဲ့ အမြင်သူ့ အယူအဆလေးတွေကို ကဗျာ၊ဆောင်းပါး..... အစရှိသဖြင့် မကြာခဏ တင်ပြပေးသွားမှာပါ။ ကျေးဇူးတင်ပါတယ်။
မိုးသွေးငယ်
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment