ကြေညာချက် - မြန်မာနိုင်ငံအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် ဓါတ်ပုံများပေါ်တွင် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှု
၃၀ .၇. ၂၀၁၀ခင်မင်လေးစားရသော မိတ်ဆွေများရှင်
ယခုကြေညာချက်ထုတ်ပြန်ရသော အကြောင်းအရင်းမှာ နအဖ စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများနှင့် မတရားမှုများကို ရပ်တန်းက ရပ်စေရန် ဓါတ်ပုံများပေါ်တွင် လက်မှတ်ရေးထိုးတောင်းဆိုသော လှုပ်ရှားမှုများကို မိတ်ဆွေများ သိရှိစေရန် နှင့် ကိုယ်တိုင်ပါဝင် လှုပ်ရှားနိုင်စေရန် ပန်ကြားခြင်း ဖြစ်ပါသည်။ ယခုလှုပ်ရှားမှုသည် မြန်မာတပြည်လုံးအနှံ့ သိန်းပေါင်းများစွာသော ပြည်သူများခံစားနေရသော ကမောက်ကမ စီးပွားရေးစီမံခန့်ခွဲမှုပြဿနာများနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများကို အဆုံးသတ်ဖို့ တောင်းဆိုသော ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်များကို အမှတ်တရ ဂုဏ်ပြုသည့်အနေဖြင့် လည်းကောင်း၊ လက်ရှိ နအဖစစ်အုပ်စု၏ လက်ထက်တွင် ပိုမိုဆိုးရွားလာသော ချိုးဖောက်မှုများဆက်လက် ဖြစ်ပေါ်နေမှုများအား မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်ပါသည်။ လှုပ်ရှားမှုကို မြန်မာနိုင်ငံ၏ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် စတင်မည်ဖြစ်သည်။
တစ်ဦးချင်းအနေဖြင့် ဖော်ပြထားသော လူ့အခွင့်အရေး ချိုးဖောက်မှု စာရင်းများထဲမှ ချိုးဖောက်မှုတခုအား ပိုစတာပေါ်တွင် ရေးသားပြီး လက်တွင်ကိုင်ထားကာ ဓါတ်ပုံရိုက်ခြင်းဖြင့် ယခုလှုပ်ရှားမှုတွင် ပါဝင်နိုင်ပါသည်။ ဤလှုပ်ရှားမှုကို မိတ်ဆွေများ အဖွဲ့အစည်းမှ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော ၈.၈.၈၈ နှစ်ပတ်လည် အခမ်းအနားအစီအစဉ်တွင်လည်း ထည့်သွင်းပြုလုပ်နိုင်ပါသည်။
တစ်ဦးချင်းဆီမှ ပေးပို့ထားသော ဓါတ်ပုံများကို စုဆောင်းပြီး ဆလိုက်ရှိုးအဖြစ် စုပေါင်းကာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် နေ့အတွက် ပြုလုပ်မယ့် အခမ်းအနားများတွင်လည်း ပြသနိုင်ရန် ပေးပို့မည်ဖြစ်သည်။ ထို့နောက် ဓါတ်ပုံများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သော စက်တင်ဘာလ ၂၇ရက်နေ့တွင်ပေးပို့မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကုလသမဂ္ဂကို တိုက်တွန်းရန် စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်စေရန် ဘန်ကီမွန်းမှ ဦးဆောင်ဦးရွက်ပြုစေရန် တောင်းဆိုသွားမည် ဖြစ်သည်။
တစ်ဦးချင်းအနေဖြင့် အင်တာနက်မှတဆင့် ဓါတ်ပုံများကို ကျွှန်ုပ်တို့၏ အင်တာနက် စာမျက်နှာဖြစ်သော info@burmapartnership.org ကိုပေးပို့ခြင်း၊ ဓါတ်ပုံများကို မိမိကိုယ်ပိုင် အင်တာနက် စာမျက်နှာများ၊ facebook စသည်ကဲ့သို့ အချင်းချင်းဆက်သွယ်သော ကွန်ယက်များတွင် သုံးခြင်းဖြင့်လည်း လှုပ်ရှားမှုတွင် ပါဝင်နိုင်ပါသည်။
ဓါတ်ပုံလှုပ်ရှားမှုကို ပိုမိုပြည့်စုံစေရန် - တဦးချင်း သို့မဟုတ် အဖွဲ့အစည်းအလိုက် အနေဖြင့် မိမိတို့သက်ဆိုင်ရာအစိုးရများထံသို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရေးတောင်းဆိုချက်များကို ထောက်ခံရန် ၊ စစ်အုပ်စု၏ မတရားသော ရွေးကောက်ပွဲကို ရှုံ့ချရန် နိုင်ငံရေးအကျဉ်းသားများအားမလွှတ်ပေးမခြင်း ၊ တိုင်းရင်းသားလူမျိုးများအား တိုက်ခိုက်နေခြင်းအား မရပ်တန့်မခြင်း၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို မပြုလုပ်ဘဲ ကျင်းပသော အတုအယောင် ရွေးကောက်ပွဲ၏ ရလာဒ်အား အသိမအမှတ်မပြုရန် စသည့်တောင်းဆိုချက်များပါဝင်သည့် စာများရေသားပေးပို့ကြရန်ဖြစ်သည်။
လှုပ်ရှားမှုတွင်ပါဝင်သူများအတွက် လို့အပ်သော ပစ္စည်းအပြည့်အစုံစာရင်းကို မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။ ၄င်းတို့မှာ -
* လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ချိုးဖောက်ခံရသူများစာရင်း
* ပို့စ်တာအလွတ် ဒီဇိုင်း
* သတင်းအချက်အလက် လက်ကမ်းစာစောင်
* အစိုးရများထံသို့ပေးပို့မည့်စာများအတွက် မူကြမ်းပုံစံ
* လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့်ပတ်သက်သည့် စုဆောင်းထားသောဓါတ်ပုံများ
ဤလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ရန်ဆန္ဒရှိပါက သို့မဟုတ် လိုအပ်သော သတင်းအချက်အလက် အပြည့်အစုံအား သိရှိလိုပါက info@burmapartnership.orgသို့ အီမေးလ် ပေးပို့စုံစမ်းနိုင်ပါသည်။
ဤစုပေါင်းလှုပ်ရှားမှုအား ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ နအဖစစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကမ္ဘာတဝှမ်းမှ မမေ့ပျောက်စေရန် မြင်သာထိရောက်သော သတင်းစကားပေးပို့နိုင်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။
မိတ်ဆွေများအာလုံးမှ ဤလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လိမ့်မည်ဟုမျှော်လင့်ပါသည်။
လေးစားစွာဖြင့်
ခင်ဥမ္မာ
တာဝန်ခံ၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership)
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment