ရန်ကုန် - နေပြည်တော် မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည်
နရီလင်းလက် | ရန်ကုန် - နေပြည်တော် မြန်နှုန်းမြင့် ရထားလမ်းကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဖောက်လုပ် သွားမည် ဖြစ်ကြောင်း နေပြည်တော် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ရောင်းချမှု အောင်မြင်ခဲ့သည့် အတွက် ချစ်ကြည်ရေး လက်ဆောင် အနေနှင့် ဤမြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ် ပေးခြင်းဖြစ်ပြီး ရထားတွဲ ဆိုင်းများကိုလည်း တရုတ်နိုင်ငံမှ လာရောက် တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း နေပြည်တော် ရထားပို့ဆောင် ရေးဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။
“၂၀၀၉ ခုနှစ်အတွင်းမှာ ချုပ်ထားတဲ့ စာချုပ်အရ တရုတ်ကို ဓာတ်ငွေ့တွေ တော်တော်ရောင်းလိုက်ရတယ်။ ဒီအတွက် တရုတ်က ချစ်ကြည်ရေးအနေနဲ့ ဆိုပြီး ပြန်လုပ်ပေးတာ။ ပြီးရင် သတင်းစာမှာ တရုတ်နဲ့ ချစ်ကြည်ရင်းနှီးမှုရလို့ တရုတ်က ဘယ်လိုတွေ အကူအညီပေးတာဆိုပြီး ပြောဦးမယ်။ အမှန်တော့ ကိုယ့်နိုင်ငံက အရင်းအမြစ်တွေ အများကြီးဆုံးရှုံးသွားတာကို မသိချင်ယောင်ဆောင်နေတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မှ ပျဉ်းမနား ရေဆင်း အကျော်၊ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနအထိ မီးရထားလမ်းကြောင်းဆွဲထားကြောင်း၊ ရန်ကုန်-နေပြည်တော်လမ်းမှာ ၂၂၆ မိုင်ရှိပြီး ဖောက်လုပ်မည့် မြန်နှုန်းမြင့်ရထားလမ်း တလျှောက်တွင် လျှပ်စစ်မီးအပြည့်အ၀ ရရှိရန် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ဘူတာကတော့ ပေါင်းလောင်း စစ်ရေးပြကွင်းနားမှာရှိတယ်။ ဒီပရောဂျက် လုပ်နေတာတော့ကြာပြီ” ဟု အဆိုပါ ရထားပို့ဆောင်ရေး အရာရှိကပြောသည်။
လာမည့် ၂၀၁၃ တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမီ ယခု ရထားလမ်းကို ဖောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီ မြန်နှုန်းမြင့် ရထားလမ်းကို ရန်ကုန်-နေပြည်တော် ကားလမ်းမကြီးနဲ့ ယှဉ်ပြီးဖောက်သွားမယ်။ မြန်နှုန်းမြင့် ဆိုတဲ့ အတိုင်းအချိန် ၃ နာရီပဲ ကြာမယ်” ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး တဦးကဆိုသည်။
ပြည်ပနိုင်ငံများတွင် သုံးစွဲနေသော မြန်နှုန်းမြင့်ရထားများသည် လျှပ်စစ်ဓာတ်အားကို အသုံးပြု ပြေးဆွဲလျက်ရှိသော်လည်း လျှပ်စစ် ဓာတ်အားလုံလောက်မှု မရှိသည့် မြန်မာနိုင်ငံအနေနှင့် မည်ကဲ့သို့ ပြေးဆွဲနိုင်ရန် စီစဉ်မည်ကို မသိရကြောင်း သူ ကပြောသည်။
“တပြည်လုံးကို မီးမှန်အောင် မပေးနိုင်သေးတဲ့ အတိုင်းအတာမှာ လျှပ်စစ်နဲ့ ပြေးမယ့် မြန်နှုန်းမြင့်ရထားဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆရပေမယ့် အာဏာပိုင်တွေ တည်ထားတဲ့ နေပြည်တော်ကို ဆက်သွယ်ပေးမယ့်လမ်း ဆိုတော့ လုပ်ချင်ရင် ဖြစ်အောင်လုပ်လို့ ရတယ်လေ” ဟု နေပြည်တော် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အကြီးတန်း အင်ဂျင်နီယာ တဦးက ဆိုသည်။
ဇူလိုင် ၈ ရက်နေ့တွင် အတွင်းရေးမှူး ၁ ဗိုလ်ချူပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ်ပြည်သို့ ချစ်ကြည်ရေးခရီးသွား ရောက်ခဲ့စဉ်က မီးရထားစက်ခေါင်း ထုတ်လုပ်ရေးစက်ရုံ၌ မြေအောက်ရထားတွဲ ဆောက်လုပ်ရေးလုပ်ငန်းများအား ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံနှင့် သဘောတူညီထားသော စာချုပ်အရ စိန် သဘာဝဓာတ်ငွေ့မြေနှင့် ပတ္တမြား ဓာတ်ငွေ့မြေတို့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ၊ ကူမင်းသို့ ပိုက်လိုင်းဖြင့် တင်ပို့ ရောင်းချသွားမည်ဖြစ်ပြီး ယင်း ဓာတ်ငွေ့မြေ နှစ်ခ်ုမှ သဘာဝဓာတ်ငွေ့ထွက်ရှိမှုသည် တနေ့လျှင် ကုဗသန်း ၇၀၀ ခန့်ရှိကြောင်းသိရသည်။
source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment