သုခဆေးခန်းမှ ဓာတ်မှန်ခန်းဖွင့်လှစ်
မျိုးချစ်သူ / ၁၉ ဇွန် ၂၀၁၀
ယနေ့ ဇွန် (၁၉) ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခဆေးကုခန်းသုံး ဓာတ်မှန်ခန်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
အဆိုပါဓာတ်မှန်ခန်းကို ၂၀၁၀ နှစ်ဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး SSC အထူးကုဆေးခန်းတွင် ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကွယ်လွန်သွားခဲ့သူ မခိုင်ရွှန်းလဲ့ရည်ကို ရည်စူး၍ ၎င်း၏မိဘတို့က မတည်ငွေ သိန်း (၁၅၀) ကျပ်နှင့် ကျန်အလှူရှင်တို့က ထည့်ဝင်ငွေများဖြင့် တည်ထောင်လိုက်ခြင်းဖြစ်သည်။
“မင်္ဂလာရှိတဲ့နေ့မှာ အများပြည်သူအတွက် အခမဲ့ဓာတ်မှန်ခန်းကို ဖွင့်လှစ်နိုင်တာ ၀မ်းမြောက်တယ်။ ပြီးတော့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်တယ်။ ဒီနေ့တော့ ဓာတ်မှန်ခန်း ဖွင့်နိုင်ပြီ၊ အားလုံးငြိမ်းချမ်းပါစေဆိုတဲ့ စိတ်နဲ့၊ ဒီနေ့တော့ ကျောင်းသားလေးတွေ အပါအ၀င် ကျနော်တို့က ငှက်တွေလွှတ်ပြီးတော့ ဓာတ်မှန်ခန်းကို ဖွင့်ကြတယ်” ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
တည်ဆောက်မှု ပြီးစီးချိန်တွင် သိန်း (၂၆၀) ကျော် ကုန်ကျကြောင်း၊ ဓာတ်မှန်ခန်းတွင် အသုံးပြုမည့် ဓာတ်မှန်ရိုက်စက်ကို ဂျပန်နိုင်ငံမှ မှာယူကာ ဒေါ်လာ (၂) သောင်းခွဲ တန်ဖိုးရှိကြောင်း ဓာတ်မှန်ခန်း ဖွင့်ပွဲနေ့တွင် နာရေးကူညီမှုအသင်း၏ ဘဏ္ဍာရေးမှူး မရွှေဇီးကွက်က ခေတ်ပြိုင်သို့ ပြောသည်။
ယနေ့မှစ၍ ဓာတ်မှန် စတင်ရိုက်ပေးပြီဖြစ်ကြောင်း၊ သုခဆေးခန်းတွင် ကုသသော ဆရာဝန်များက လိုအပ်သောလူနာများကို ဓာတ်မှန်ရိုက် စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။
“အရင်ကတော့ တခြားဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြီးတော့ ဓာတ်မှန်ရိုက်ပေးတယ်။ လူနာတွေ ကုန်ကျတဲ့ ဓာတ်မှန်ရိုက်ခ တန်ဖိုးကို သူခဆေးခန်းကပဲ အကူအညီပေးတာပါ။ အခုတော့ တခြားမှာလည်း သွားရိုက်စရာမလိုတော့တဲ့အတွက် ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်တာပေါ့” ဟု မရွှေဇီးကွက်က ပြောသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းကို ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းက ဖွင့်လှစ်နိုင်ခဲ့သည်။
လူတန်းစားမရွေး ဘာသာမရွေး လူနာများကို ယင်းဆေးခန်းရှိ စေတနာရှင် ဆရာဝန်ကြီးများနှင့် ကုသရာတွင် စမ်းသပ်ခနှင့် ဆေးဖိုးပေးသွင်းရန်မလိုဘဲ အခမဲ့ကုသပေးခြင်းဖြစ်သည်။
သုခဆေးခန်းမှ ခွဲစိတ်ရန်လိုသော နွမ်းပါးလူနာများကို ခွဲစိတ်စရိတ်ပေးလှူခြင်း၊ သွေးလိုသောလူနာများကို သွေးလှူရှင်များနှင့် ချိတ်ဆက်လှူဒါန်းပေးခြင်း၊ အရေးပေါ်လူနာများအတွက် အောက်စီဂျင်ဘူးများ အခမဲ့လှူဒါန်းခြင်းတို့ကို ပြုလုပ်ပေးကြောင်း သိရသည်။

source by :NEJ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment