5/06/2010

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖ ပြန်လည်စည်းရုံး



ရဲရင့် | နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် လက်မခံသည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖစစ်အစိုးရက စစ်ရေးနည်းဖြင့် အရေးမယူသေးဘဲ အခြားနည်းလမ်းများဖြင့် စည်းရုံးလျက်ရှိသည်။

သတ်မှတ်ရက် နောက်ဆုံးနေ့ဖြစ်သည့် ပြီးခဲ့သည့်ဧပြီ (၂၈) ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖတပ်များက အင်အားပြခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုတဖန် ပြန်လည်စည်းရုံးနေသည်ဟု ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ တပ်မှူးတဦးက ပြောသည်။

၎င်းက “သူတို့သတ်မှတ်တဲ့ အရင်လ (၂၈) ရက်နေ့က သူတို့တပ်တွေ စစ်အင်အားပြပြီးတော့ ခြိမ်းခြောက်မှုတွေ လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ဘက်က သတိထားရတာတွေရှိတယ်။ ဥက္ကဋ္ဌ အဖိုးဌေးမောင်ဆိုရင် နယ်စပ်ဘက်ကိုပြန်နေရတဲ့ အနေအထားတွေရှိတယ်။ အခုသူတို့ဘက်က အကြောင်းကြားလာတယ်။ ဒီကိစ္စတွေကို အေးအေးဆေးဆေး ဆွေးနွေးလို့ရပါတယ်။ ဘာပြဿနာမှ မရှိဘူးလို့လည်းပြောတယ်” ဟု ဆိုသည်။

စောဌေးမောင်အနေဖြင့် ယခုကဲ့သို့ နယ်စပ်တွင် သွားရောက်နေထိုင်ခြင်းသည် အန္တရာယ်ရှိသည့်အတွက် ကော့ကရိတ်တွင်ရှိသည့် ထော့ကိုကိုး၌ ပြန်လာနေထိုင်ရန် နအဖက ခေါ်သော်လည်း အဖွဲ့ဥက္ကဋ္ဌက ပြန်လာခြင်းမရှိဟု သိရသည်။

နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရန် သတ်မှတ်ရက်နောက်ဆုံးနေ့တွင် ထော့ကိုကိုးရှိဌာနချုပ်အနီးတွင် နအဖတပ်များအလုံးအရင်းဖြင့် စစ်ရေးပြခြိမ်းခြောက်မှုများပြုလုပ်ခဲ့မှုများကြောင့် စောဌေးမောင်နှင့်အဖွဲ့သည် နယ်စပ်အနီး စခန်းဟောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။

နအဖတပ်များ၏ စစ်ရေးပြခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ စောဌေးမောင်က နအဖစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံသို့ ဖုန်းဖြင့်မေးမြန်းရာ ၎င်းကိစ္စနှင့်ပတ်သက်၍ မသိရှိရကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု အဆိုပါတပ်မှူးက ပြောသည်။

ယခင်လကုန်ပိုင်းက နအဖဘက်မှ ပြေးဆွဲခွင့်ပိတ်ပင်ထားသည် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ပိုင် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများကိုလည်း ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သည်ဟု သိရသည်။


source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: