5/04/2010

လောင်းကစားဒိုင်များ အင်တာနက် အထူးလိုင်း အသုံးပြု


မျိုးဝင်းဇော် | ရန်ကုန်မြို့ရှိ ဘောလုံးလောင်းကစားဒိုင်များသည် မြန်မာ့ဆက်သွယ်ရေးကို လာဘ်ငွေပေးပြီး အင်တာနက် အထူးလိုင်းများ အသုံးပြုနေကြောင်း ပါဝင်ပတ်သက်နေသူများထံမှ သိရသည်။

ဘောလုံးလောင်းကစားဒိုင်တခုမှ မန်နေဂျာတဦးက “ကျနော်တို့က ဘောလုံးလောင်းကစားဒိုင် ဖွင့်ထားတော့ အင်တာနက်ကို အေဒီအက်စ်အယ်လ်ရော၊ ဝိုင်မက်စ်ရော နှစ်မျိုးစလုံး ယူထားတယ်။ ပုံမှန်အခြေအနေမှာတော့ ဘာမှပြဿနာမရှိဘူး။ အစိုးရက အင်တာနက်လိုင်းတွေကို သုံးမရလောက်အောင် ကွန်နက်ရှင်တွေကို လျော့ချလိုက်တဲ့အခါမှာ ပြဿနာတက်တယ်။ ဒါနဲ့ ခုနောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးက အင်တာနက်လိုင်း ကိုင်တွယ်တဲ့သူတွေက ဆက်သွယ်လာတယ်။ တလ ကျပ် (၂) သိန်းပေးရင် ဘယ်အချိန်မှာမှ လိုင်းမကောင်းတာ မဖြစ်စေရဘူး။ သူတို့တာဝန်ယူတယ် ဆိုလို့ ငွေပေးလိုက်တော့ ရန်ကုန်မှာ တမြို့လုံး အင်တာနက်လိုင်းတွေ သုံးမရဖြစ်နေပါစေ၊ ကျနော်တို့ကတော့ အဆင်ပြေပြေ သုံးလို့ရတယ်” ဟု ရှင်းပြသည်။

လက်ရှိ မြန်မာနိုင်ငံမှ ဘောလုံးပွဲဒိုင်များသည် မလေးရှား သို့မဟုတ် စင်ကာပူ လောင်းကစားဒိုင်များ၏ လက်ခွဲဒိုင်များဖြစ်ပြီး လောင်းကြေးများကို အင်တာနက် ဝက်ဘ်ဆိုက်မှတဆင့် တင်ရသည်။

မြန်မာနိုင်ငံမှ လောင်းကစားလုပ်သူများသည် လက်ခွဲဒိုင်ထံသို့ တယ်လီဖုန်းဆက်ပြီး လောင်းကြေးထပ်၍ဖြစ်စေ၊ ဒိုင်များ ဖွင့်လှစ်ထားသည့် အင်တာနက် ဝက်ဘ်ဆိုက်ထဲ တိုက်ရိုက်ဝင်ရောက်၍ဖြစ်စေ လောင်းကစားလုပ်နိုင်သည်။

တယ်လီဖုန်းဖြင့် လောင်းကစား လုပ်ကြသူများ၏ လောင်းကြေးကို ရန်ကုန်လက်ခွဲဒိုင်က ၎င်း၏ password ကို အသုံးပြုပြီး အင်တာနက် ဝက်ဘ်ဆိုက်ထဲ ဝင်ကာ ထည့်ပေးရသည်။

ကိုယ်တိုင် ဝက်ဘ်ဆိုက်ထဲ တိုက်ရိုက် ဝင်လောင်းချင်သူများမှာမူ လက်ခွဲဒိုင်များကို ကြိုတင်ငွေ ပေးသွင်းထားပြီး မိမိရရှိထားသည့် password ဖြင့် ကန့်သတ်ထားသည့် ငွေကြေးပမာဏအလိုက် လောင်းကစား ပြုလုပ်နိုင်သည်။

မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံဆိုင်ဘာတက်ခ်သည် ပြင်ပ ဝက်ဘ်ဆိုက်မီဒီယာများ၊ ဘလော့ခ်များ အပါအဝင် ဝက်ဘ်ဆိုက်ပေါင်း သောင်းနှင့်ချီ ပိတ်ပင်ထားသော်လည်း ဘောလုံးပွဲ လောင်းကစားလုပ်သည့် ဝက်ဘ်ဆိုက်များကိုမူ လုံးဝ ပိတ်ပင်ခြင်းမပြုဘဲ ဖွင့်ထားပေးကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ အခြေအနေ မကောင်းသော်လည်း ဘောလုံးအပါအဝင် လောင်းကစားလုပ်ငန်းမှာမူ ကြီးထွားမြဲ ကြီးထွားလျက် ရှိနေကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့တွင် ဘောလုံးပွဲဒိုင်ကြီး မည်မျှရှိသည်၊ ငွေကြေးပမာဏ မည်မျှ လောင်းကစားမှုပြုနေကြသည်ကို မည်သူမှ မသိနိုင်သော်လည်း အလတ်တန်းစား ဘောလုံး လောင်းကစားဒိုင် တခုပင်လျှင် တရက် လောင်းကြေးငွေ ကျပ်သိန်းပေါင်း သောင်းချီ လောင်းကစားမှု ပြုကြကြောင်း သိရသည်။

ဘောလုံးပွဲ လောင်းကစား လုပ်သူများထဲတွင် ဦးတေဇ အပါအဝင် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် အစိုးရ ထိပ်ပိုင်းအရာရှိကြီးများ ပါဝင်ပတ်သက်နေခြင်း၊ မြန်မာ့ဆက်သွယ်ရေးကလည်း အင်တာနက်လိုင်းများ အသုံးပြုနိုင်ရန် လာဘ်ငွေယူ ပံ့ပိုးပေးနေခြင်းတို့ကြောင့် ပုံမှန် ရှင်သန်ကြီးထွားလျက်ရှိသည်။

ပြည်သူများ အသုံးပြုနေသည့် အခြား အေဒီအက်စ်အယ်လ် အင်တာနက်လိုင်း၊ ဝိုင်မက်စ် အင်တာနက်လိုင်း၊ ဒိုင်ယယ်အပ် အင်တာနက်လိုင်းများမှာမူ ကွန်နက်ရှင် နှေးကွေးပြီး မကြာခဏ အသုံးပြု၍ မရသည့် အခြေအနေမျိုး ဖြစ်တတ်ကြောင်း သိရသည်။


source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: