4/21/2010

ရန်ကုန် သင်္ကြန်ဗုံး အကြောင်း NLD ကြေညာချက် မထုတ်သဖြင့် ကြေးမုံ သတင်းစာက ရှုတ်ချ ရေးသား


သင်္ကြန်ပေါက်ကွဲမှုအပြီး တွေ့ရသော မြင်ကွင်း (ဓာတ်ပုံ-မိုးမခ)
မိုးမခ အထောက်တော် | ရန်ကုန် သင်္ကြန် ဗုံးကွဲမှု နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သဘောထား ကြေညာချက် ထုတ်ပြန်ခြင်း မရှိသည့် အတွက် ဗိုလ်ချုပ်ကြီးတို့၏အာဘော် ကြေးမုံ သတင်းစာက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ရှုတ်ချ ရေးသားလိုက်သည်။

သတင်းစာတွင် လေ့လာသူတစ်ဦး ဟူသည့် ကလောင်အမည်ဖြင့် ရေးသားသော မူဝါဒရေးရာ ဆောင်းပါးတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

"အရင်တုန်းက ထစ်ခနဲရှိတာနဲ့ ကြေညာချက် အမျိုးမျိုး ထုတ်လေ့ရှိတဲ့ ပါတီကြီးတစ်ခုကတော့ အခုချိန်အထိ တုံဏှိဘာဝေ လုပ်ပြီး လက်ရှောင်နေတာကို တွေ့ရပါတယ်" ဟု ဆောင်းပါးရှင်က ဆိုသည်။

သင်္ကြန်ဗုံးကွဲမှု ဖြစ်ပွားပြီး နောက်တနေ့တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာချက် ထုတ်ခဲ့သည်၊ ရန်ကုန်မှ အပတ်စဉ်ထုတ် ဂျာနယ်များကလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း ပြည်သူတို့၏ သဘောထား အမြင်များကို ရေးသား ဖော်ပြကြသည်ဟုလည်း ထောက်ပြထားသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်များအတွင်း NLD ခေါင်းဆောင်များက ရုံးတွင် စုဝေး တွေ့ဆုံလေ့ မရှိခြင်းကြောင့် ကြေညာချက် ရေးသားထုတ်ပြန်မှု မပြုခဲ့ခြင်းဖြစ်မည်ဟု ယူဆကြောင်း ရန်ကုန်မှ NLD အဖွဲ့ဝင်တဦးက သုံးသပ်သည်။

သင်္ကြန်အတွင်း ရန်ကုန်မြို့ မဏ္ဍပ်တခုတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ တရာကျော်ရှိကြောင်း သိရသည်။

အာဏာပိုင်တို့က ရန်ကုန်တွင် ဗုံးကွဲမှုများဖြစ်တိုင်း ပြည်တွင်းပြည်ပအဖျက်သမားတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာလေ့ ရှိသည်။ ဗုံးခွဲသူတို့ကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း ပေါက်ကွဲမှုဖြစ်ပွားအပြီး ထိုနေရာတွင် ဓာတ်ပုံရိုက်သူတချို့ကို ခေါ်ယူ ထိန်းသိမ်းထားသည်ဟု သိရသည်။

source by : မိုးမခ

0 ယောက်ရဲ့ထင်မြင်ချက်: