4/30/2010

အပစ်ရပ်အဖွဲ့နယ်မြေများ အခြေအနေ ငြိမ်သက်

ပေါက်ပေါက်/

တိုင်းရင်းသားအပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖစစ်အစိုးရက နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည့် ဧပြီ (၂၈) ရက် ကျော်လွန်လာခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ်ရှိ အပစ်ရပ်အဖွဲ့များ၏ နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှု မတွေ့ရသေးဘဲ နအဖ၏ တုံ့ပြန်လာနိုင်မှုကိုသာ စောင့်ကြည့်နေကြသည်။ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့၏ နယ်မြေအနီးနားတွင် နအဖစစ်တပ်များမှာ နဂိုအတိုင်း ရှိမြဲရှိနေပြီး စစ်ကြောင်းသွားလာလှုပ်ရှားမှု မရှိသေးသော်လည်း ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမှတဆင့် သံလွင်မြစ်ကူး တာကော်အက်တံတားကို ဖြတ်ကျော်ကာ ဝဒေသသို့ ဝင်ရောက်သည့် ကုန်စည်များကို လွန်ခဲ့သည့် ရက်ပိုင်းမှစ၍ ပိတ်ပင်ထားသည်ဟု ဝဒေသအား စောင့်ကြည့်နေသည့် တရုတ်-မြန်မာနယ်စပ် ဒေသခံတဦးက ပြောသည်။၎င်းက "စစ်ရေးအရ တိုက်ခိုက်မယ့် အရိပ်အယောင်တော့ မတွေ့ရသေးဘူး။ တာကော်အက် တံတားဘက်က ဝင်နေတဲ့ ကုန်တွေကိုတော့ ပိတ်လိုက်ပြီ။ ဒါပေမယ့် မိုင်းဖြန်၊ မိုင်းပေါက်တို့ဘက်က ဝင်လို့ရနေသေးတယ်။ ဝကတော့ ဘာမှလည်း ထပ်ပြီးတောင်းဆိုမနေတော့ဘူး။ အရင်တောင်းထားတဲ့ဟာက လျှော့ပေါ့ပြီး တောင်းထားတာ။ ဒါကိုလက်မခံတော့ နအဖဘက်က ဘာလုပ်လာမလဲဆိုတာဘဲ စောင့်နေကြတယ်" ဟု ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) တပ်ဖွဲ့ ဌာနချုပ် မိုင်းလားမြို့တွင်းသို့လည်း ကျိုင်းတုံမှ ကားများ ယနေ့အချိန်အထိ ဝင်နေဆဲဖြစ်ပြီး စစ်ရေးအရ တိုက်ခိုက်မည့်ပုံမျိုး မရှိကြောင်း မိုင်းလားဒေသခံတဦးက ပြောသည်။

၎င်းက "ဒီမှာတော့ အေးအေးဆေးဆေးပါပဲ။ ပြီးခဲ့တဲ့ သင်္ကြန်ပွဲဆို စည်စည်ကားကား ကျင်းပခဲ့တာပဲကြည့်တော့။ မနေ့ကလည်း ဦးစိုင်းလင်းတို့နဲ့ တွေ့ဖို့ ကျိုင်းတုံက စစ်အရာရှိတွေ ထပ်ရောက်လာသေးတယ်လို့ ကြားတယ်။ တခုရှိတာက လူတွေတော့ နည်းသွားတယ်။ ဝန်ထမ်းတွေလည်း ပြန်တဲ့ဟာ ပြန်တယ်။ စစ်တိုက်တာကတော့ နအဖ အပေါ်မှာ မူတည်တာပဲ။ နယ်ခံတွေကတော့ ပစ္စည်းရွှေ့တာ၊ ပြောင်းတာ မရှိဘူး" ဟု ပြောသည်။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာဒေသတွင်လည်း စစ်ရေးလှုပ်ရှားမှု မရှိသေးသကဲ့သို့ နအဖနှင့် ထပ်မံဆွေးနွေးရန်ရှိကြောင်း အမည်မဖော်လိုသည့် ကေအိုင်အို အရာရှိတဦးက ပြောသည်။၎င်းက "နှစ်ဖက် ထပ်ဆွေးနွေးမယ်လို့သာ ကြားရပါတယ်။ အကြောင်းအရာကတော့ မသိပါဘူး။ (၂၈) ရက်နေ့ ကျော်လာရင် တိုက်မယ်ခိုက်မယ်ဆိုတာ ထင်သလို မဟုတ်ပါဘူး။ စစ်ရေးထက် တွေ့ဆုံဆွေးနွေးရေးကိုသာ ပထမ ဦးစားပေးလုပ်မယ်ဆိုပြီး ကေအိုင်အိုက မူချထားပါတယ်၊ စစ်ပွဲတွေ ဖြစ်လာမှာကို မလိုလားဘူး။ ဒါပေမယ့် စစ်တိုက်နိုင်အောင်တော့ ပြင်ထားကြပါတယ်" ဟု ပြောသည်။နောက်ဆုံး သတ်မှတ်ရက်အထိ နယ်ခြားစောင့် အသွင်ပြောင်းရန် လက်မခံပါက အပစ်ခတ်ရပ်စဲရေးမတိုင်မီကာလက အခြေအနေအတိုင်း ပြန်ရောက်သွားမည်ဟု နအဖဘက်က အပစ်ရပ်အဖွဲ့များအား ပြောဆိုထားသော်လည်း ၎င်းတို့နယ်မြေများအတွင်း ယနေ့အထိ အခြေအနေ ငြိမ်သက်လျက်ရှိသည်။

နအဖက ယမန်နှစ် ဧပြီ (၂၈) ရက်မှစ၍ နယ်စပ်တလျှောက်ရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း၊ နယ်စပ်နှင့်ဝေးသည့် အပစ်ရပ်အဖွဲ့အား ပြည်သူ့စစ်တပ်ဖွဲ့အဖြစ်လည်းကောင်း အသွင်ပြောင်းခိုင်းခဲ့ရာ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ပိုင်စုံချိန် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့၊ ကယားအထူးဒေသ (၂) ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် လားဟူပြည်သူ့စစ်အဖွဲ့တို့မှာ နယ်ခြားစောင့်တပ်ရင်းများအဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။

ဦးလဆန်အောင်ဝါ ဦးဆောင်သည့် KIO ခွဲထွက်နှင့် ကချင်ကာကွယ်ရေးတပ်မတော် (KDA) တို့မှာ ပြည်သူ့စစ် အဖွဲ့အဖြစ် အသွင်ပြောင်းပြီး ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့မှာလည်း ပြည်သူ့စစ်အသွင်ပြောင်းရန် သဘောတူထားပြီး ဖြစ်သည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောတူလက်ခံခြင်းမရှိသည့် အပစ်ရပ်အဖွဲ့များကိုမူ နအဖက နောက်ဆုံးရက် သတ်မှတ်ပေးထားကာ ခြိမ်းခြောက်ပြောဆိုမှုများ လုပ်နေခဲ့ခြင်းဖြစ်သည်။
sour:NEJ


0 ယောက်ရဲ့ထင်မြင်ချက်: