4/05/2010

ကချင်ပြည်နယ်အတွင်း ဘိန်းဖြူသုံးသူ ပိုများလာ


လင်းနိုင်ဦး | နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းကို လက်ခံလိုက်သည့် အန်ဒီအေ (ကချင်) နယ်မြေ ကျေးရွာများနှင့် အစိုးရတပ် ထိန်းချုပ်ထားသည့် ကျေးရွာတို့တွင် ဘိန်းဖြူသုံးစွဲသူ လူငယ်များ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

ထိုကျေးရွာများတွင် ယခင်က သက်ကြီးရွယ်အို ဘိန်းမဲ သုံးစွဲသူများသာ ရှိသော်လည်း ယခုအခါ ဘိန်းသုံးစွဲသူ လူငယ် ပေါများလာပြီး ဘိန်းမဲအစား ဘိန်းဖြူကို အဓိကထား သုံးစွဲနေကြသည်ဟု သိရသည်။

“ကျနော်တို့ ဒေသမှာ အရင်ကလည်း ဘိန်းစိုက်တယ်၊ အခုလည်း စိုက်တယ်။ ဒီတော့ ဘိန်းစားတွေ ရှိတာ မဆန်းဘူး။ ဒါပေမယ့် အရင်က ဘိန်းစားဆိုတာ ဘိန်းမဲကို ရှူတာ၊ အခုနောက်ပိုင်းတော့ အဆင်မြင့် ဘိန်းဖြူတွေကို သုံးနေကြတယ်။ အခု ဘိန်းမဲရှူတာကို သက်ကြီးရွယ်အိုတွေလောက်ပဲ လုပ်ကြတယ်။ ဒီအခြေအနေအတိုင်းဆို ကချင်လူမျိုးတွေအတွက်ကတော့ ရင်လေးစရာပဲ” ဟု အဆိုပါ ဒေသအတွင်း နေထိုင်သူ တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောသည်။

အန်ဒီအေ (ကချင်) နှင့် ကေအိုင်အေတို့ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးယူချိန်မှစ၍ အဆိုပါ ဒေသတွင်းတွင် လျှို့ဝှက်ဘိန်းချက်စခန်းများ ပေါ်လာပြီး ဘိန်းဖြူထုတ်လုပ်ခြင်း ရှိခဲ့သည်ဟု ၎င်းက ပြောသည်။


ယခင်က ကချင်ပြည်နယ်မှထွက်သည့်ဘိန်းများကို ဘိန်းစိမ်းအဖြစ်သာ ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ရောင်းချပြီး ထိုင်း-မြန်မာ နယ်စပ်မှတဆင့် ဘိန်းဖြူအဖြစ် ကမ္ဘာ့နိုင်ငံအနှံ့သို့ ရောက်ရှိသွားခြင်းဖြစ်သည်။

အချို့ ဘိန်းချက်စက်ရုံများကို စစ်အစိုးရတပ်နှင့် ကေအိုင်အေ တပ်တို့က ဖော်ထုတ်ဖျက်ဆီးမှု ရှိခဲ့သော်လည်း ဘိန်းချက်စက်ရုံများမှာ ပျောက်ကွယ်မသွားဘဲ တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းနှင့် တရုတ်ဘက်ခြမ်းတွင်ပါ ဘိန်းဖြူ ဆက်လက် ချက်လုပ်နေကြသည်ဟု အဆိုပါ တိုင်းရင်းသားခေါင်းဆောင်က ပြောသည်။

ထိုဘိန်းချက်စက်ရုံတို့မှ ထွက်သည့် ဘိန်းဖြူများသည် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့သာမက အခြားမြို့များနှင့် ကျေးလက်အထိပါ ပျံ့နှံ့သွားခြင်းဖြစ်ကာ အချို့ ဘိန်းဖြူများမှာ အိန္ဒိယ နယ်စပ်ဘက်သို့ ရောက်ရှိသွားသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆော့လော်မြို့နယ် ကျေးရွာတခုတွင် နေထိုင်သူတဦးက “ကျနော်တို့ ဆော့်လော် မန်ကျီ ကျေးရွာတွေဘက်မှာ ခုနောက်ပိုင်း ဘိန်းဖြူသုံးသူတွေ များလာတယ်။ နယ်စပ် ပန်ဝါ၊ ကမ်ပိုင်တီ ဘက်တွေမှာလည်း ဘိန်းဖြူသုံးသူ များတယ်။ ကျနော်တို့ဘက်က ဘိန်းဖြူဖြန့်ဖြူးတဲ့သူတွေက တရုတ်နယ်စပ်ကနေ သွားဝယ်တယ်လို့ သိရတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်ရှိ နယ်မြေများကို စစ်အစိုးရတပ်၊ ကေအိုင်အေ၊ အန်ဒီအေ (ကချင်) တပ်ဖွဲ့တို့က ထိန်းချုပ်ထားပြီး နှစ်ပါင်းများစွာကတည်းက ဘိန်းစိုက်ပျိုးမှု ရှိခဲ့ကာ စစ်အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်း ဘိန်းဖြူချက်လုပ်မှုများပင် ရှိလာပြီး ဒေသအတွင်း၌လည်း ဘိန်းဖြူသုံးစွဲသူ လူငယ်လူရွယ်များ ပေါများလာခြင်းဖြစ်သည်။

မြစ်ကြီးနား မြို့ခံတဦးက “ကျေးလက်တွေမှာ သားတယောက် အရွယ်ရောက်လာရင် ကချင်စစ်တပ်၊ ဒါမှမဟုတ် ရဲတပ်ဖွဲ့ တဖွဲ့ဖွဲ့ထဲ ဝင်ဖို့ အားပေးရတယ်။ ဒီအတိုင်းနေရင် ဘိန်းစားဖြစ်ဖို့ ရာခိုင်နှုန်းများတယ်” ဟု ပြောဆိုသည်။

ဒေသတွင်းတာဝန်ကျသည့် စစ်အစိုးရတပ်များက နှစ်စဉ် ဘိန်းဖျက်ဆီးရေး လုပ်နေသော်လည်း အမည်ခံမျှသာဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။


source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: