4/03/2010

ဟိုတယ်လုပ်ငန်းရှင်များ ရွေးကောက်ပွဲဝင်ကြရန် ဝန်ကြီး တိုက်တွန်း



ဝီရ | လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရန် ဟိုတယ်လုပ်ငန်းရှင်များအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်က စည်းရုံးနေကြောင်း ရန်ကုန်မြို့မှ ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောကြားသည်။

၎င်းက “ဝန်ကြီးက ခင်ဗျားတို့အနေနဲ့ ထိပ်တန်းစီးပွားရေးသမားတွေလည်း ဖြစ်တယ်။ အောင်မြင်ကျော်ကြားသူ၊ သြဇာရှိသူတွေ ဖြစ်ကြတယ်။ ဒါကြောင့် နိုင်ငံရေးရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါနေပြီးသားလူတွေ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတယ်။ အဲဒီလို ပြောပြီးတာနဲ့ အစည်းအဝေး အာဂျင်တာ (Agenda) နဲ့ ဘာမှမဆိုင်တဲ့ ပါတီ၊ နိုင်ငံရေးအကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ အမတ်လောင်းတွေအကြောင်း ပြောတော့တာပါ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ချုပ် စိုးနိုင်က ပြီးခဲ့သည့် မတ် (၂၁) ရက် မင်္ဂလာဒုံဥယျာဉ်မြို့တော်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ (၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပါတီနိုင်ငံရေးအဖွဲ့အစည်းများတွင် ပါဝင်ခြင်း ကင်းရှင်းရမည်ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ သင်းဖွဲ့စည်းမျဉ်း၌ ထည့်သွင်းထားသည့် ကန့်သတ်ချက်ဥပဒေကိုလည်း အဆိုပါ အစည်းအဝေး၌ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ထိုလုပ်ငန်းရှင်က ပြောသည်။



မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးသမားများဖြင့် ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းတွင် အဖွဲ့ဝင်အင်အား (၁,၀၀၀) နီးပါးရှိကြောင်း သိရသည်။

ထိုသူများအနက် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူရှိကြောင်း၊ သို့သော် မည်သူမည်ဝါ ဝင်ပြိုင်မည်ကို မသိရှိရကြောင်း အဆိုပါလုပ်ငန်းရှင်က ပြောသည်။

၎င်းက “ဒါပေမယ့် ကျနော်တို့အားလုံးက ဘာမှလဲ ပြန်မပြော၊ ပြန်မမေးကြလို့ စိတ်ဝင်စားပုံမပေါ်မှန်း သူသိသွားတော့ စိတ်ဆိုးသွားသေးတယ်။ အဲဒါပြီးတာနဲ့ ဟိုတယ်တွေမှာ လုပ်တဲ့ပွဲတွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်အသစ်တွေ ထုတ်တယ်။ အဲဒါကို လိုက်နာဖို့ လိုတယ်လို့ ကြိမ်းမောင်းသွားတယ်” ဟု ပြောသည်။

ညွှန်ကြားချက်သစ်တွင် ဟိုတယ်များ၌ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ ပြပွဲများ လက်ခံကျင်းပမည်ဆိုလျှင် ဟိုတယ်များက ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၏ ခွင့်ပြုချက် တောင်းခံရသည်သာမက သက်ဆိုင်ရာ နယ်မြေခံ အာဏာပိုင်တို့၏ ခွင့်ပြုချက်ကိုလည်း ပွဲကျင်းပလိုသူက ရယူရမည်ဟု ပါရှိသည်။

ယင်းညွှန်ကြားချက်သည် ပွဲကျင်းပသူတို့၏ အစီအစဉ်ကို ပိုမိုသိရှိလို၍ လုပ်ဆောင်ခြင်း ဖြစ်နိုင်သကဲ့သို့ ဟိုတယ်လုပ်ငန်းရှင်တို့အပေါ် ထပ်မံ တင်းကျပ်လိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း အခြားဟိုတယ်ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ဝန်ကြီးက ဥပဒေ၊ ထုတ်ပြန်ချက်တွေအပြင် ဒေသခံအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကိုလည်း လိုက်နာဖို့ လိုတယ်ဆိုပြီး ပြောခဲ့တယ်လို့ ကြားရတော့ ဝန်ကြီးက ချော့လိုက် ခြောက်လိုက် လုပ်သလို ပြောနေတယ်လေ” ဟု ဆိုသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်းစဉ်ကတည်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူလာသူ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေအား ထပ်မံရွေးချယ်ခဲ့ကြောင်း သိရသည်။


source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: