3/24/2010

အရှင်ဥက္ကံသကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထား

NEJ | ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက် စာတမ်းများ လက်ဝယ် တွေ့ရှိ၍ နအဖ အာဏာပိုင်တို့ ဖမ်းဆီး သွားသည့် မွန်ရဟန်းပျို အရှင်ဥက္ကံသ ခေါ် ဦးဇင်းဇော်လတ်ကို မွန်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပို့ဆောင် လိုက်ပြီးနောက် သတင်း အစအန ပျောက်နေရာမှ ယခုအခါ အင်းစိန်ထောင် အတွင်း၌ ထိန်းသိမ်း ထားကြောင်း စုံစမ်း သိရှိရသည်။

အရှင်ဥက္ကံသကို အင်းစိန်ထောင် တိုက်အမှတ် (၂) အခန်း (၁) တွင် ထိန်းသိမ်းထားကြောင်း အင်းစိန်ထောင်ရှိ ဝန်ထမ်းတဦးထံမှ သိရသည်။

အဖမ်းခံရသူနှင့် ဆွေမျိုးတော်စပ်သူတဦးက “အရှင်ဥက္ကံသကို စစ်ကြောရေးစခန်းတခုကနေ ဒီကိုပို့ထားတာ လနဲ့ချီပြီလို့ ထောင်ဝန်ထမ်းက ပြောတယ်။ ကျမတို့ ဆွေမျိုးတွေကလည်း ရန်ကုန်အနှံ့ လိုက်ရှာနေတာကြောင့် ဦးဇင်း ဘယ်မှာလဲဆိုတာ အခု သိရတာပါ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အရှင်ဥက္ကံသကို ဖမ်းဆီးသွားပြီးနောက် ၎င်းအား ထိန်းသိမ်းထားသည့်နေရာကို (၂) လခွဲကျော် ကြာမြင့်ပြီးမှ ယခုကဲ့သို့ သိရှိရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ နှစ်သစ်ကူးည၌ မွန်ပြည်နယ်အနှံ့ ပေါ်ပေါက်ခဲ့သည့် စစ်အစိုးရ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်နိုင်သည်ဟု သံသယဖြင့် အရှင်ဥက္ကံသ အသက် (၂၈) နှစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ (၇) ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ် လမ်းမတနေရာတွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ထိုနေ့၌ပင် နအဖအာဏာပိုင်တို့၏ ရိုက်နှက်ခဲ့မှုကြောင့် ၎င်းအား မော်လမြိုင်ဆေးရုံ အတွင်းလူနာဆောင်သို့ ပို့ဆောင်ခဲ့ရသေးကြောင်း သိရသည်။

ထို့နောက် ရန်ကုန်မှ ထောက်လှမ်းရေးအရာရှိတို့က အရှင်ဥက္ကံသကို ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားပြီးနောက် အစပျောက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။

အရှင်ဥက္ကံသကို အပြစ်ဒဏ်ချမှတ်ခဲ့ခြင်း မရှိသေးသော်လည်း ၎င်းကိုယ်တိုင် ဖတ်ရှုခွင့်မရခဲ့သော ဝန်ခံကတိပြုလွှာများအား စစ်ကြောရေးစခန်းတွင် အတင်းလက်မှတ်ထိုးခိုင်းခဲ့မှုများ ရှိခဲ့ကြောင်း မကြာသေးမီက အင်းစိန်ထောင်အတွင်းမှ ပြန်လည်လွတ်မြောက်လာသူတဦးက ပြောသည်။

၎င်းက “ကျနော် သူ့ကို အင်းစိန်ထောင်ထဲမှာ တွေ့ခဲ့တယ်။ သူက အဲဒီတိုက် (၂) အခန်း (၁) မှာ ကျတယ်။ သူပြောပြတာက သူ့ကို အပြစ်ဒဏ် မချရသေးဘူးဆိုတဲ့ အကြောင်းရယ်၊ သူက ဦးဇင်းတပါး ဖြစ်တယ်ဆိုတဲ့အကြောင်းရယ်၊ သူ့ရဲ့ ဆွေမျိုးတွေဆီ ဆက်သွယ်ပေးပါဆိုလို့ ကူညီတာပါ” ဟု ပြောသည်။

မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံ) မြို့နယ် မုဒွန်းရွာ ဇာတိဖြစ်သူ အရှင်ဥက္ကံသသည် မုဒုံမြို့နယ်၊ နိုင်လှုံရွာရှိ အောင်ဇေယျပရိယတ္တိ စာသင်တိုက်မှ စာချ ဆရာတော် တပါးဖြစ်ပြီး မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆိုင်ရာ သင်တန်းများတွင် တတ်ကြွစွာ ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ဖမ်းဆီး ခံရချိန်တွင် ၎င်းနှင့်အတူ ဗွီဒီယိုကင်မရာနှင့် အိတ်ဆောင် ကွန်ပျူတာတလုံးလည်း ပါသွားကြောင်း သိရသည်။

အရှင်ဥက္ကံသအား ဖမ်းဆီး သွားပြီးနောက် (၃) ရက် အကြာတွင် ၎င်းအား လိုက်လံ ပို့ဆောင်ပေးနေသူ မုဒွန်းရွာသား မွန်ကျိုက်စွဲကို ထပ်မံဖမ်းဆီးသွားခဲ့ပြီး ရန်ကုန်မြို့ ထိန်းသိမ်းရေးစခန်းတနေရာတွင် ထိန်းသိမ်းထားဆဲဖြစ်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: