3/04/2010

ရွှေပြည်သာစက်ရုံတချို့ အလုပ်သမား ဆန္ဒပြမှု ထပ်မံဖြစ်ပွား


ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုံ (၁) က အထည်ချုပ် စက်ရုံတရုံမှာ လုပ်ခလစာ တိုးရရေးအတွက် အလုပ်သမားတချို့ ဒီကနေ့ မနက်ပိုင်းက စပြီး အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

တရုတ်အမျိုးသားပိုင် Super အထည်ချုပ်စက်ရုံက အလုပ်သမားတချို့ ဆန္ဒပြကြတာဖြစ်ပြီး တခြား စက်ရုံတွေနည်းတူ လုပ်ခလစာ တိုးရရေးနဲ့ အချိန်ပိုကြေး ရရှိဖို့ ဆန္ဒပြနေတယ်လို့ ဆန္ဒပြသူတွေနဲ့ နီးစပ်သူတဦးက အာအက်ဖ်အေကို ပြောပါတယ်။

နီးစပ်သူတဦး
။ ။'မနက် ၈ နာရီကနေ စဖြစ်တာ အခုအချိန်အထိတော့ မပြီးသေးဘူး။ ၂၅ ယောက် ကျော်ကျော်လောက်တော့ ရှိတယ်။ အလုပ်ရုံမှာတော့ တရာကျော် ရှိတာပေါ့နော်။

အဓိကကတော့ ငွေရေးကြေးရေးပေါ့၊ ရှားပါး စားရိတ်ပေါ့။ အိုတီကြေးတို့ ရှားပါးစားရိတ်တို့ အဲဒါတွေ တောင်းတာ။ အခု တောင်းတာက သူများစက်ရုံတွေနဲ့ တန်းတူပေါ့။ သူများစက်ရုံတွေက လေးသောင်း အထက်တွေမှာချည်းပဲ ရှိတယ်လေ။ သူတို့စက်ရုံက အနည်းဆုံး ဖြစ်နေတယ်။ နောက်တခုက ကလေးတွေပေါ့နော်။ ကျောင်းနေအရွယ် ဆယ့်သုံးလေးနှစ် ကလေးလေးတွေက တနေ့မှာ တထောင်နဲ့ ငါးဆယ်ပဲ ရတယ်။ မနက် ၈ နာရီကနေ ည ၈ နာရီအထိကို ဆင်းရတယ်'

ဒီလို ဆန္ဒပြတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေက စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားတွေအကြား ညှိနှိုင်းပေးနေပေမယ့် ညနေခင်းအထိ သဘောတူညီချက် မရခဲ့ပါဘူး၊၊ ဒါကြောင့် တိုင်းအဆင့် တာဝန်ရှိသူတွေ အလာကို စောင့်ဆိုင်းနေတယ်လို့လည်း စောစောက အမျိုးသမီးက ပြောပြပါတယ်။

အာအက်ဖ်အေက ဆက်သွယ်မေးမြန်းခဲ့တဲ့ ညနေပိုင်းအချိန်အထိ ဆန္ဒပြ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။

အလားတူပဲ တခြား ရွှေပြည်သာ စက်မှုဇုံ ၃ က ကောင်းချီးမင်္ဂလာ အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမားတွေ လုပ်ခလစာ တိုးရဖို့အတွက် ဒီကနေ့ ဆန္ဒပြတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေက သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။


source by : http://www.rfa.org


0 ယောက်ရဲ့ထင်မြင်ချက်: