3/24/2010

ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ကို စစ်တိုင်းမှူးများက အဆုံးအဖြတ်ပေး

မျိုးဝင်းဇော် | ပုဂ္ဂလိကကျောင်းတည်ထောင်ခွင့်များကို ပညာရေး ဝန်ကြီးဌာနက အဆုံးအဖြတ် ပေးခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ စစ်တိုင်းမှူးများကသာ အဆုံးအဖြတ် ပေးနေကြောင်း ရန်ကုန်တိုင်း အခြေခံပညာ (၃) မှ ပညာရေးဆိုင်ရာ အရာရှိတဦးက ပြောသည်။

၎င်းက “ပုဂ္ဂလိက ကျောင်းလျှောက်တာက မူအားဖြင့် ကျနော်တို့ ပညာရေး ဝန်ကြီးဌာနကို လိပ်မူပြီး လျှောက်ရတာပဲ။ ဒါပေမယ့် ခွင့်ပြုချက် ပေးတဲ့ အပိုင်းကိုတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကိုင်ထားတယ်။ ဒါကြောင့် ခုနောက်ပိုင်း ပုဂ္ဂလိက ကျောင်း ဖွင့်ချင်တဲ့သူတွေ၊ မရသေးတဲ့သူတွေ တိုင်းမှူးဆီ ဝင်ထွက်ပြောဆိုတာတွေ လုပ်ကြရတယ်” ဟု ပြောသည်။

ပုဂ္ဂလိက ကျောင်းများ ဖွင့်ခွင့်ပြုရေး သတ်မှတ်ချက်များမှာ မူလတန်း အတွက် မြေ (၅) ဧက၊ အလယ်တန်း မြေ (၇) ဧကနှင့် အထက်တန်း မြေ (၁ဝ) ဧက ရှိရမည်ဖြစ်ပြီး ယင်းမြေ နေရာတွင် အားကစားကွင်း၊ Multimedia Classroom ၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်း၊ ဘာသာစကား သင်ကြားရေးဌာနတို့အား မိမိ အစီအစဉ်ဖြင့် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် သင်ရိုးညွှန်းတမ်း အနေဖြင့် အစိုးရကျောင်းများအတိုင်းဖြစ်ပြီး ဆရာ၊ ဆရာမများမှာ ဘွဲ့လွန်၊ မာစတာအဆင့် ရှိရမည်ဖြစ်ကာ အငြိမ်းစားဆရာ၊ ဆရာမများကိုလည်း ခေါ်ယူသင်ကြားနိုင်ကြောင်း အဆိုပါ အရာရှိက ရှင်းပြသည်။

အထက်တန်းအဆင့် ဘော်ဒါဆောင် ထောင်ထားပြီး ကိုယ်တိုင်လည်း ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် ရအောင် လျှောက်ထားသူ တဦးက “ကျနော်တို့ ပြီးခဲ့တဲ့ မတ် (၄) ရက်နေ့က တိုင်းမှူးနဲ့ တွေ့ခွင့်ရတယ်။ ကျနော်တို့ထဲက တယောက်က မေးတယ်။ ပုဂ္ဂလိကကျောင်း ထောင်ခွင့်ရဖို့အတွက် အနိမ့်ဆုံးအဆင့် ဘာတွေ လိုမလဲ၊ အဲဒါလေး တိတိကျကျ သတ်မှတ်ပေးပါလို့ မေးတော့ တိုင်းမှူးက ခင်ဗျားတို့ ပြင်သာ ပြင်ထားပါ။ ပြင်ပြီးရင် ကျနော်တို့ကိုပြော၊ ကျနော်တို့ ဆင်းပြီး စစ်ဆေးမယ်၊ စိတ်ကျေနပ်ရင် ခွင့်ပြုချက် ချပေးမယ် ပြောတယ်။ ကျနော်တို့က တိုင်းမှူးကို ဝင်လည်း ကန်တော့ပြီးပြီ (လာဘ်ငွေပေးပြီးပြီ) ခုထိတော့ ခွင့်ပြုချက်က မကျသေးဘူး” ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်း မတ်လ (၄) ရက်နေ့အထိ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် လျှောက်ထားသူပေါင်း (၂၆) ဦးရှိပြီး ဆက်လက် လျှောက်ထားကြဆဲဖြစ်ကာ ကျောင်း (၁၁) ကျောင်းကိုသာ အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စ နာမည်ကြီး ဝါရင့် ကျူရှင်ဆရာကြီးတဦးက “ကျနော်လည်း ကျောင်းထောင်ချင်တယ်။ ဒါပေမယ့် အခု အစိုးရပြောသလို လုပ်ရမယ်ဆိုရင် သိန်းပေါင်း သောင်းနဲ့ချီ ငွေအကုန်ခံမှပဲ ပုဂ္ဂလိက ကျောင်းထောင်နိုင်မယ့် သဘောဖြစ်နေတယ်။ ကျနော်က ဘော်ဒါဆောင်မပါဘဲ ပုဂ္ဂလိက ကျောင်းသက်သက် ထောင်ရင်ရော ရမလား မေးကြည့်ဖူးတယ်။ သူတို့က ဘော်ဒါဆောင်ပါ တွဲထောင်မှ ခွင့်ပြုနိုင်မယ် ဆိုတာကြောင့် ကျနော်လည်း ကျောင်းကို မလျှောက်ဖြစ်တော့ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်အထိ ပုဂ္ဂလိက ကျောင်းများရှိခဲ့ပြီး အရည်အချင်းပြည့်ဝသည့် ကျောင်းသူ ကျောင်းသားများကို မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတကာ၌လည်း မျက်နှာပန်းလှကြောင်း၊ နောက်ပိုင်း ဗိုလ်ချုပ်နေဝင်းက ဖျက်သိမ်းပစ်၍ ပုဂ္ဂလိက ပညာရေးကျောင်းများ ပျက်စီးသွားကြောင်း ရန်ကုန်မြို့မှ ပညာရေးသုတေသီတဦးက ပြောသည်။

၎င်းက “အခု (၄၆) နှစ်ကြာမှ ပြန်ခွင့်ပြုတာ ဖြစ်တယ်။ ဒါပေမယ့် ဒါဟာ ပညာရေးဆိုင်ရာ အပြောင်းအလဲ လုပ်တာမျိုးမဟုတ်ဘဲ ဘော်ဒါဆောင် ဖွင့်စားနေသူတွေကို တရားဝင်ကျောင်းအဖြစ် အသိအမှတ်ပြုလိုက်တဲ့ သဘောသာဖြစ်လို့ ပညာရေးကဏ္ဍမှာ ဘာမှ ထူးထူးခြားခြား တိုးတက်လာမှာ မမြင်မိဘူး” ဟု ပြောသည်။

ငွေကြေးတတ်နိုင်ပြီး ဘော်ဒါဆောင်ထားသည့် မိဘများက ကလေးများအနေဖြင့် ယခင်က အစိုးရကျောင်းမှာလည်း တက်၊ ဘော်ဒါမှာလည်း ပြန်သင် လုပ်နေရခြင်းထက် ယခု ပုဂ္ဂလိကကျောင်းစနစ်က အစိုးရကျောင်းတက်စရာ မလိုတော့သည့်အတွက် ကလေးများအတွက် ပိုကောင်းကြောင်း ပြောသည်။

လက်ရှိ ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ခွင့်ရသည့် ဘော်ဒါဆောင်တို့သည် ကျောင်းသားများကို အတန်းကြီးငယ်အလိုက် တနှစ် ကျပ် (၂၅) သိန်းမှ သိန်း (၃ဝ) ကျော် ယူကြောင်း၊ အစိုးရအနေဖြင့် ပုဂ္ဂလိကကျောင်းဆိုင်ရာ အက်ဥပေဒတရပ် မကြာမီ ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: