2/14/2010

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်


NEJ/ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ယနေ့ ည (၈ ) နာရီခွဲကျော်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီဖြစ်သည်။

နေအိမ်အကျယ်ချုပ် သက်တမ်း (၆) နှစ်ပြည့်သည့် ဖေဖော်ဝါရီ (၁၃ ) ရက်နေ့တွင်လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးတင်ဦး လွတ်မြောက်လာသည်ကို သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဋ္ဌ၊ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ -ဂျပန်ဌာနခွဲ) မှ အတည်ပြုပြောကြားသည်။

အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလတွင် အထက်မြန်မာပြည်သို့ စည်းရုံးရေးခရီးထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် နအဖစစ်အစိုးရကို အားပေးထောက်ခံသူ လူအုပ်ကြီးက ၀ိုင်းဝန်းရိုက်နှက် တိုက်ခိုက်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။


ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ လည်းကောင်း၊ ဦးတင်ဦးအား စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့လည်းကောင်း စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီးပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့အား နေအိမ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ကာ အကျယ်ချုပ် ချထားခြင်းဖြစ်သည်။

ဦးတင်ဦးသည် ကလေးမြို့အကျဉ်းထောင်တွင် (၁) နှစ်နီးပါး နေခဲ့ရပြီး ၂၀၀၄ ခု ဖေဖော်ဝါရီ (၁၃) ရက်တွင် နေအိမ်သို့ ပြန်လည် ရောက်ရှိကာ အကျယ်ချုပ်ချထားခံခဲ့ရသည်မှာ ယနေ့ (၆) နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

အသက် (၈၃) နှစ်ရှိပြီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးသည် ဗိုလ်ချုပ်ကြီးဟောင်းတဦးလည်း ဖြစ်ပြီး မြန်မာ့တပ်မတော်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ အများက ချစ်ခင်လေးစားခြင်း ခံရသူဖြစ်သည်။

ယခုလောလောဆယ်တွင် ကျန်းမာရေးအရ စိုးရိမ်ရသည့်အနေအထား မရှိသော်လည်း မကြာသေးမီက မျက်စိခွဲစိတ်ကုသမှု ခံယူခဲ့သည်ဟု သိရသည်။

မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန်တွင် နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့ပြီး အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအားလည်း ဖေဖော်ဝါရီ (၁၃) ရက်တွင် လွှတ်ပေးမည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း၌ ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ဦးတင်ဦး လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးတင်ဦး လွတ်မြောက်လာမှုအပေါ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ကြိုဆိုကြောင်း၊ အန်အယ်လ်ဒီအတွက် အင်မတန်ကောင်းမွန်ကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ပြောကြားသည်။

“လွတ်မြောက်ချိန်မှာ လွတ်လာတဲ့ ခေါင်းဆောင်အတွက် ကျနော်တို့က ကြိုဆိုပါတယ်။ ကျနော်တို့အတွက်လည်း အများကြီး အားတွေ တိုးလာမယ်၊ ခေါင်းဆောင်မှုတွေ မြင့်မားလာမယ်၊ နောက် စည်းရုံးလှုပ်ရှားမှုတွေလည်း မြင့်မားလာမယ်လို့ ယူဆပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေးအတွက်သာ မဟုတ်ဘဲ ကျန်သည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်လည်း လိုအပ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။


source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: