ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင် အဖြစ်မှ ထုတ်ပယ်ခံရ
ဝီရ | ဗိုလ်ချုပ် အောင်ဆန်း၏ အကြီးဆုံးသား အမေရိကန် နိုင်ငံနေ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ နှစ်ဦးအား နအဖ စစ်အစိုးရနှင့် နောက်လိုက်များနည်းတူ သပိတ်မှောက် ကံဆောင်၍ ဗုဒ္ဓဘာသာဝင် အဖြစ်မှ ထုတ်ပယ် လိုက်ကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှု၊ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်သည့် တားမြစ်ကန့်ကွက်ခြင်း၊ တရားစွဲဆို နှောင့်ယှက်ခြင်းတို့ကို ပယ်ဖျက်ပေးရန် အကြောင်းကြားထားသည်ကို သတ်မှတ်ရက်တိုင်အောင် အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ဦးအောင်ဆန်းဦး တို့အား ယခုကဲ့သို့ ပတ္တနိက္ကုဇ္ဇန ကံဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“တိုင်းပြည် ကောင်းကျိုး အတွက် ညီမဖြစ်သူက နေအိမ်အကျယ်ချုပ်ဘဝကနေ အားထုတ် ကြိုးပမ်းနေတာကို နအဖအလိုကျ စီမံ ဆောင်ရွက် နေပြီး ကိုယ်စိတ်နှလုံး ဆင်းရဲအောင် အမျိုးမျိုး လုပ်ဆောင် နေတာကို ဦးဇင်းတို့က သတိပေးပြီးဖြစ်တယ်။ သတ်မှတ်ရက် အထိ တစုံတရာ ပြန်ကြားတာ မရှိလို့ ပတ္တနိက္ကုဇ္ဇန ကံဆောင်တဲ့ စာရင်းမှာ တည့်လိုက်တာ ဖြစ်တယ်။ ဦးအောင်ဆန်းဦး တို့ဆီက အလှူခံတာ၊ တရားဟောတာ စတဲ့ သာသနာနဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေ မလုပ်ကြဖို့ သံဃာ့ တပ်ပေါင်းစုက နေပြီးတော့ တောင်းဆို လိုက်တာ ဖြစ်တယ်” ဟု သံဃာ့ တပ်ပေါင်းစု အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အရှင်ဣဿရိယက မိန့်ကြားသည်။

ကာယကံရှင် ဦးအောင်ဆန်းဦး အနေဖြင့် ဘာသာ သာသနာ၏ အကျိုး အတွက် သော်လည်းကောင်း၊ တိုင်းသူပြည်သားများ အကျပ်အတည်း မျိုးစုံမှ လွတ်မြောက်ရေး အတွက် သော်လည်းကောင်း ရှေးရှု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် ဥပဒေများ၊ တားမြစ် ကန့်ကွက်မှု များအား ပယ်ဖျက်ပေးမည် ဆိုပါက ဘာသာရေး အရ သပိတ်မှောက် ကံဆောင် ထားမှုများ အားလုံးကို ရုပ်သိမ်း ပေးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုကို ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ကာ ဇန်နဝါရီ (၂၁) ရက်တွင် တရားဝင် ကန့်ကွက်ခဲ့၍ ပြင်ဆင်မှု ရပ်ဆိုင်း ထားခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး၏ လုပ်ရပ်သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးကျေးဇူးနှင့် မျက်နှာကို မထောက်ထား သည်သာမက ပြည်သူလူထု၏ ဒုက္ခမျိုးစုံကို မျက်ကွယ်ပြုကာ ပြည်သူတို့ဘက်မှမရပ်တည်ဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်များအား အလုပ်အကျွေး ပြုနေခြင်း၊ အသုံးချ ခံနေခြင်းတို့ အတွက် စိတ်ပျက် မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား အနှောင့်အယှက် ပေးနေခြင်းမှ ရပ်တန့်ပေးရန် မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက ဦးအောင်ဆန်းဦး ထံသို့ ဇန်နဝါရီ (၂၄) ရက်နေ့က အိတ်ဖွင့်ပေးစာ တစောင်ဖြင့် အကြောင်းကြားခဲ့ပြီး ဇန်နဝါရီ (၃၁) ရက်နေ့တွင် နောက်ဆုံးထား၍ ပယ်ဖျက်ပေးရန် တောင်းဆို ခဲ့သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment