2/15/2010

ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပါတီတာဝန် စတင်ထမ်းဆောင်

NEJ | အန်အယ်လ်ဒီ ပါတီက ယနေ့ပြုလုပ်သည့် ဗဟို အလုပ် အမှုဆောင် ကော်မတီ အစည်းအဝေးတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ကာ အစည်းအဝေး သဘာပတိ အဖြစ် စတင် ဆောင်ရွက်သည်ဟု သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးအုန်းကြိုင်က “စီအီးစီ အစည်းဝေးကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒုတိယ ဥက္ကဋ္ဌကြီး ဦးတင်ဦး တက်ရောက်လာပြီး သူ့မူလတာဝန် စီအီးစီ အစည်းအဝေး သဘာပတိ အဖြစ် ပြန်လည် ဆောင်ရွက်ပါတယ်” ဟု ပြောသည်။

ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့တွင်လည်း ဦးဆောင်သူ တဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့ မိသားစုများအား ကူညီ စောင့်ရှောက်နေသည့် ဗဟိုလူမှု အထောက်အကူ အဖွဲ့တွင်လည်း ဥက္ကဋ္ဌ တာဝန်ယူပြီး အဆိုပါ တာဝန်များကို ယနေ့ စတင်ခြင်း ဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

ယနေ့တွင် စီအီးစီ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဦးတင်ဦးက သြ၀ါဒ စကားပြောကြားပြီး အန်အယ်လ်ဒီ ပါတီဝင်များအား တွေ့ဆုံ နှုတ်ဆက်ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

ဦးတင်ဦးက အန်အယ်လ်ဒီ ပါတီဝင်များအား ၎င်း ထိန်းသိမ်း ခံနေရစဉ် ကာလ အတွင်း ကြံ့ကြံ့ခိုင် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အဖွဲ့ချုပ်ကြီး ဆက်လက် ရပ်တည်ရေး အတွက် လုပ်ဆောင်မှုများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“ရွှေဂုံတိုင် ကြေညာ စာတန်းမှာ ကြေညာထားတဲ့ အထိ တောက်လျှောက် သယ်ဆောင် လာခဲ့တဲ့ သမိုင်းကို သူလေးစား ဂုဏ်ယူတဲ့ အကြောင်း၊ သူလည်း ဆက်လက်ပြီး တာဝန်ထမ်းဆောင်သွားမယ့် အကြောင်းတွေ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အန်အယ်လ်ဒီ ရုံးချုပ်၌ ဖေဖော်ဝါရီ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ဗဟိုကော်မတီ (စီစီ) ရွေးချယ်ရေး စဉ်းစားဆုံးဖြတ်ရန် အတွက် အစည်းအဝေး လုပ်ဆောင် သွားမည်ဖြစ်ပြီး ဗဟို အလုပ် အမှုဆောင် အဖွဲ့နှင့် ပြည်နယ်တိုင်း တခုချင်း အလိုက် သက်ဆိုင်ရာ ကိုယ်စားလှယ် များဖြင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု သိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: