2/01/2010

ပြည်ထဲရေး ၀န်ကြီး ပြောကြားချက် ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

NEJ | ဒေါ်အောင်ဆန်းစုကြည်အား လာမည့် နိုဝင်ဘာလတွင် ပြန်လွှတ် ပေးမည်ဟု နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က မတရားသည့် ပြောဆိုချက်ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်လိုက်သည်။

ယမန်နေ့က ရှေ့နေကြီး ဦးဉာဏ်ဝင်းနှင့် နေအိမ်တွင်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “နိုဝင်ဘာမှာ ဒေါ်စုကို လွှတ်ပေးမယ်လို့ ပြည်ထဲရေး ၀န်ကြီးက ပြောကြားတာနဲ့ ပတ်သက်ပြီး ဒေါ်စုက ဒါမတရားတဲ့ ပြောကြားချက်ပဲတဲ့။ ဘာလို့လည်းဆိုတော့ သူ့ကို အပြစ်ချထားတဲ့ ပြစ်မှုနဲ့ ပတ်သက် ပြီးတော့ နိုင်ငံတော် တရားရုံးချုပ်က အမိန့် မချရသေးဘူး၊ မပြီးပြတ်သေးဘူး၊ မပြီးပြတ်ခင် အတွင်းမှာ ဒီလို ပြောတာဟာ တရားရုံးရဲ့ လုပ်ငန်းကို လွှမ်းမိုး ပြောဆိုရာ ရောက်တယ်လို့ အဲလိုပြောပါတယ်” ဟု ပြောသည်။

ယခုလ (၂၁) ရက်တွင် ကျောက်ပန်းတောင်းမြို့၌ မြို့ခံ အစိုးရ ၀န်ထမ်းများနှင့် တွေ့ဆုံ စကား ပြောကြား ရာတွင် နအဖ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့် နိုဝင်ဘာလကုန် နေအိမ် အကျယ်ချုပ် သက်တမ်းစေ့ပါက ပြန်လွှတ် ပေးမည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေအနေတွင် နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ် ခံထားရပြီး အင်းစိန် အထူး တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့မှုအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံကို ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေများက ဇန်န၀ါရီ (၁၈) ရက်တွင် နိုင်ငံတော် ဗဟို တရားရုံးချုပ်၌ တင်သွင်းထားပြီး အမိန့် ထွက်မည့်ရက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ယမန်နှစ် မေလတွင် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း ၀င်ရောက် ခဲ့မှုကြောင့် စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ပြီး သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးနောက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူုးကြီး သန်းရွှေ၏ အမိန့်စာဖြင့် ထိုချမှတ်သည့် ပြစ်ဒဏ်ကို ထက်ဝက် လျှော့ချ လိုက်ပြီး ဆိုင်းငံ့ ပြစ်ဒဏ် အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် (၁၈) လ ချမှတ် ထားခြင်း ဖြစ်သည်။

ယင်းသို့ ပြစ်ဒဏ် တ၀က် ကျခံနေရစဉ် အတွင်း ကောင်းမွန်စွာ နေထိုင်မည် ဆိုပါက အကျယ်ချုပ် သက်တမ်း ကာလ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးကောင်း လွှတ်ပေးမည့် သဘောလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်စာတွင် ပါရှိခဲ့သည့် အတွက် ယခုကဲ့သို့ ပြည်ထဲရေး ၀န်ကြီး၏ ပြောကြားချက်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စာအပေါ် လွှမ်းမိုးရာ ရောက်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဗိုလ်ချုပ်သန်းရွှေထုတ်တဲ့စာရဲ့ အဓိပ္ပာယ်ကိုလည်း နားလည်မှုလွဲစေတယ်တဲ့။ အဲဒီစာပေါ်မှာလည်း လွှမ်းမိုးရာ ရောက်တယ်တဲ့” ဟု ပြောကြားသည်။

အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ ယင်းသို့ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည့် ပြောကြားချက်သည် ဘာမှမထူးခြားကြောင်း ပြောသည်။

“ဒေါ်စုကို နိုဝင်ဘာမှာ လွှတ်ပေးမယ် ဆိုတာ နိုင်ငံရေးပြက်လုံးပဲ။ အစိုးရမှာ တာဝန်ရှိသူ ၀န်ကြီး တယောက်က နေပြီးတော့ ပြောလိုက် တာဟာ ပြက်လုံးလို ဖြစ်နေတယ်။ သူ့လွတ်ရက် နိုဝင်ဘာမှာ လွှတ်မယ်လို့ပြောတာဟာ ဘာမှ မထူးခြားဘူး။ ဒါ့အပြင် ဒီနိုဝင်ဘာမှ လွတ်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်နိုင်မယ် ဆိုတာကလည်း ရွေးကောက်ပွဲက အောက်တိုဘာတောင် ကျင်းပမယ်ဆိုပြီးဖြစ်နေတော့ ဒီစကားမျိုးပြောတာ နိုင်ငံရေးပျက်လုံးလို ဖြစ်နေတယ်” ဟု ပြောသည်။

ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့် နိုဝင်ဘာတွင် လွှတ်မည် ဆိုခြင်းသည် နိုဝင်ဘာ မတိုင်ခင် မလွှတ်ဘူးဆိုသည့် သဘောမျိုးလည်း အဓိပ္ပာယ် ကောက်ယူနိုင်သည့် အတွက် ယင်းစကားသည် ဆိုးဝါးသည့် အကျိုးသက် ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။

“ဒီလို ၀န်ကြီး ကိုယ်တိုင်က နိုဝင်ဘာထက် စောမလွှတ်ဘူး ဆိုတဲ့ အဓိပ္ပာယ် ကောက်လို့ရတဲ့ စကားကို ပြောတယ် ဆိုရင် တရားရုံးမှာ စစ်နေတဲ့ တရားသူကြီး အပေါ်မှာလည်း အလွန်ဆိုးဝါးတဲ့ အကျိုး သက်ရောက်မှုတွေ ပေါ်ပေါက်နိုင်တယ်။ တရားသူကြီးတွေ ကလည်း အခုလာမယ့်အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ဖို့တို့၊ ဆက်ချုပ်ထားဖို့တို့ပဲ ဆုံးဖြတ်မယ်လို့ ယူဆနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာမတိုင်ခင် စောပြီး လွှတ်သင့်ကြောင်း၊ ယင်းသို့ လွှတ်သည့် အပေါ် အကြောင်းပြုပြီး နအဖ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများကို စီစဉ် လက်ခံသင့်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “ဒီလို စကားပြောတာကို ၀မ်းသာပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ကျေနပ်ပါတယ်။ လွှတ်မယ်ဆိုတဲ့ အသံထွက်တာ ကောင်းတယ်လို့ ယူဆပါတယ်။ သို့သော် အဲလို စကားမျိုး ပြောနေမယ့် အစား လွှတ်လိုက်ပါ။ စောစော လွှတ်လိုက်ပါ။ လွှတ်ပြီးရင် ကျနော်တို့တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ ကိစ္စမျိုးကို မဖြစ်မနေလုပ်ပါ။ ဘာလို့လည်းဆိုတော့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်က လာပြီးတော့ တွေ့တယ် တို့ဆိုတာ ဆက်သားအဆင့်လောက်ပဲ သတင်းစကား ပို့နေရတဲ့ အလုပ် လုပ်နေရတော့ ဘာမှလည်း အကျိုး သက်ရောက်မှု မရှိဘူး” ဟု ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် လွန်ခဲ့သည့် အနှစ် (၂၀) ကျော်ကတည်းက တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုလာခဲ့ပြီး နအဖစစ် အစိုးရ အနေဖြင့် ယခုတိုင် လက်ခံခြင်း မရှိသေးသည့် အပြင် ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည်ဆိုပါက အန်အယ်လ်ဒီအနေဖြင့် ဆွေးနွေးရန် အကြောင်းရှိမည် မထင်ဟုလည်း ဦးဝင်းတင်က ပြောသည်။

စစ်အစိုးရက ပြုလုပ်မည့်ရွေးကောက်ပွဲသည် ယခုနှစ် အောက်တိုဘာလထဲတွင် ဖြစ်နိုင်သည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ရွေးကောက်ပွဲ အလွန်ကျမှ ဒေါ်စုနဲ့ ဆွေးနွေးမယ်ဆိုလည်း ဘာမှ ဖြစ်နိုင်ချေ မရှိဘူး။ လိုမှမလိုတော့ဘဲ။ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲ လုပ်ပြီးမှတော့ ဒေါ်စုနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အကြောင်း မရှိဘူးလို့ ကျနော်တို့ ထင်တယ်။ ဆွေးနွေးရင်လည်း ကျနော်တို့ ဘက်က ပြန်ကြည့်တော့ ဘာမှအဓိပ္ပာယ်မရှိဘူး။ အခြေခံဥပဒေ ပြဿနာတွေ၊ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသား အရေး ကိစ္စတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေ စတဲ့ ပြဿနာ အားလုံးကို ဖြေရှင်းဖို့ အတွက် တွေ့ဆုံဖို့ တောင်းနေတာကို အကြိုကာလမှာ မတွေ့ဆုံဘဲ ရွေးကောက်ပွဲ အလွန်ကာလမှ တွေ့ရင်တော့ ဘာမှ အဓိပ္ပာယ် မရှိဘူး” ဟု ပြောကြားသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: