2/19/2010

ကိုးကန့်ဒေသ ဗုံးပေါက်ကွဲမှုများ ဖုန်ကျားရှင်ကို နအဖစွပ်စွဲ

ပေါက်ပေါက် | မကြာသေးမီ ရက်ပိုင်းက ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးများလည်း ရှာဖွေ သိမ်းဆည်း မိခဲ့ရာတွင် ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း ယနေ့ထုတ် နအဖပိုင်သတင်းစာများက စွပ်စွဲလိုက်သည်။

မိုင်းဖောက်ခွဲမှုနှင့် ပတ်သက်၍ တရားခံတဦးကို ဖော်ထုတ် ဖမ်းဆီး ရမိထားပြီး ဖြစ်ကာ ပေါက်ကွဲမှုတွင် ပါဝင်ခဲ့သူများမှာ တရားခံပြေးများဖြစ်သော ဖုန်းကျားရှင်၊ ဖုန်ကျားဖု၊ ဖုန်တာ့ရွှင်၊ ဖုန်တာ့လီတို့၏ ယခင် မြန်မာပြည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်အဖွဲ့) မှဖြစ်ကြောင်း ယနေ့ထုတ် နအဖ သတင်းစာများတွင် ဖော်ပြထားသည်။

နအဖ သတင်းစာများက ထိုသို့ ဖော်ပြသော်လည်း လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက်အစွန် ဈေးဟောင်း နေရာတွင် ဖေဖော်ဝါရီ (၁၆) ရက် သန်းခေါင်ကျော်က ဗုံးဆက် တိုက်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် ယမန်နေ့ နံနက်ပိုင်းတွင် အသက် (၂ဝ) ကျော်အရွယ် ကိုးကန့် စစ်သား (၁) ဦးနှင့် တရုတ်နိုင်ငံသား (၂) ဦးအား နအဖ အာဏာပိုင်များက ဖမ်းဆီး ထားကြောင်း လောက်ကိုင် ဒေသခံ တဦးက ပြောသည်။

၎င်းက “စစ်သင်တန်း မတက်ချင်လို့ ထွက်ပြေးလာတဲ့ တရုတ်လူငယ် (၁) ယောက်ကို မနေ့က ဖမ်းလိုက်တယ်။ တပ်ထဲကနေ ပြေးလာတဲ့သူပေါ့။ ဦးဖုန်ကျားရှင်အဖွဲ့က မဟုတ်ဘူး။ ဦးပယ်စောက်ချိန် (ပိုင်စုံချိန်) တို့ဆီကပေါ့။ နယ်ခြား စောင့်တပ်လုပ်တော့ ထွက်ပြေး နေတဲ့သူတွေ အများကြီး။ အဲဒီထဲက (၁) ယောက် မနေ့က လောက်ကိုင်ထဲမှာ ဖမ်းမိထားတယ်၊ နောက်ထပ် တရုတ် နိုင်ငံသား (၂) ယောက်ကိုလည်း ဖမ်းထားတယ်။ အဲဒါ ဗုံးခွဲတရားခံဆိုပြီး ပြောနေကြတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ (၁၅) ရက် နံနက်ပိုင်း (၈) နာရီကျော် ဝန်းကျင်က ဗုံး (၂) လုံး ပေါက်ကွဲ ခဲ့ကြောင်း၊ ဖေဖော်ဝါရီ (၁၇) ရက် နံနက် (၁) နာရီ (၂၅) မိနစ်နှင့် (၂) နာရီ (၂ဝ) မိနစ်တို့တွင်လည်း ဗုံးများ ပေါက်ကွဲခဲ့ကြောင်း၊ မပေါက်ကွဲ သေးသည့် ဗုံးများ သိမ်းဆည်း ရမိကြောင်း ဖော်ပြထားပြီး အဆိုပါ ဗုံးပေါက်ကွဲမှုတွင် တရုတ် နိုင်ငံသား (၃) ဦး အပါအဝင် (၉) ဦး ဒဏ်ရာ ရရှိကြောင်း နအဖပိုင် သတင်းစာများက ဖော်ပြထားသည်။

တရုတ် နှစ်သစ်ကူး ကာလမျိုးတွင် ဖုန်ကျားရှင်တို့ အဖွဲ့က လုပ်မည် မထင်ကြောင်းနှင့် နအဖ အနေဖြင့် ဗုံးပေါက်ကွဲမှု ဖြစ်တိုင်း မဟုတ်သည့် တရားခံများအား ရှာကြံစွပ်စွဲတတ်ကြောင်း တရုတ်- မြန်မာ နယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဒီလို နှစ်သစ်ကူး ကာလမျိုးမှာ ကိုးကန့် ဒေသခံတွေ သေကျေ ထိခိုက်အောင် ဖုန်တို့ကတော့ လုပ်မှာ မဟုတ်ဘူး။ အခု မိုင်းဖြစ်စဉ်မှာ သုံးတဲ့ အမျိုးအစားတွေကို ကြည့်ရတာကလည်း ဖုန်အဖွဲ့က မသုံးနိုင်ဘူး။ မြန်မာ ပြည်ထဲမှာ ဗုံးတွေကွဲတိုင်း ဟိုစွပ်စွဲ၊ ဒီစွပ်စွဲ လုပ်နေတာပဲ။ အခု ကိုးကန့် (၁) ယောက်ကို ဖမ်းမိလည်း ဖုန်အဖွဲ့ကလို့ ပြောလည်းရသားပဲ” ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: