2/24/2010

ဆိပ်ကမ်းများလည်း ပုဂ္ဂလိကကို လွှဲမည်

ရန်ပိုင် | ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်းများကို စစ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနက ပြောသည်။


ရန်ကုန်မြစ် ကမ်းနားလမ်းပေါ်ရှိ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ရုံးကိုတွေ့ရစဉ်
(ဓာတ်ပုံ - myanmartravelinformation.com)
လက်ရှိ အသုံးပြု နေသည့် ဆိပ်ကမ်း များအား လွှဲပြောင်း ရောင်းချမည့် အပြင် အလုံဆိပ်ကမ်းမှ ဗိုလ်တထောင် သန်လျက်စွန်း နယ်မြေ အတွင်း ဆိပ်ကမ်း အသစ်များကိုလည်း ထပ်မံ ဆောက်လုပ်ရန် ခွင်ပြုမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ပို့ဆောင်ရေး ၀န်ကြီးဋ္ဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းခန့်က ဧရာဝတီသို့ ပြောသည်။

“ပုဂ္ဂလိက လုပ်ငန်းရှင်တိုင်း အဆိုပြုလို့ ရတယ်၊ ဆိပ်ကမ်း အသစ်တွေ ဆောက်ချင် ရင်လည်း ကိုယ်ဘာသာကိုယ် တိုင်းတာရေး လုပ်ပြီး ဆောက်ဖို့ အဆိုပြု နိုင်တယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြစ် တလျှောက် ဆိပ်ကမ်းများ၌ ဆူးလေ ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတို့ တွင်သာ နိုင်ငံခြား သင်္ဘောကြီးများ ဆိုက်ကပ် နိုင်ကြောင်း၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း နန်းသီတာ၊ ကျန်းမာရေး ဆိပ်ကမ်းများသည် ယခုလက်ရှိ အခြေအနေ ၌ သဘောင်္ကြီးများ မဆိုက်ကပ်နိုင်ကြောင်း ဦးဝင်းခန့်က ရှင်းပြသည်။

ဆိပ်ကမ်း လုပ်ငန်းများတွင် ရင်းနှီး လုပ်ကိုင် လိုသူများကို အစိုးရက တည်ဆောက်၊စီမံ၊ လွှဲပြောင်း ရယူသည့် (B.O.T)စနစ်ဖြင့် လုပ် ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံသည့် ငွေပမာဏအပေါ်တွင် မူတည်၍ လုပ်ကိုင် ရမည့် အချိန်ကာလကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယခင်ကလည်း စစ်အစိုးရနှင့် နီးစပ်သည့် လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော၏ အေးရှားဝေါ ကုမ္ပဏီနှင့် မြန်မာ အပြည်ပြည် ဆိုင်ရာ သီလ၀ါဆိပ်ကမ်း(MITT) ကုမ္ပဏီတို့ကို အလုံဆိပ်ကမ်းနှင့် သီလ၀ါ ဆိပ်ကမ်း တို့အားB.O.Tစနစ်ဖြင့် လုပ်ပိုင် ခွင့် ပေးထားပြီးဖြစ်သည်။

အဆိုပါ စီမံကိန်း အရ ဆိပ်ကမ်း တလျှောက် ပို့ကုန်သွင်းကုန်များ စီးဆင်းမှု လွယ်ကူစေရန် သယ်ယူ ပို့ဆောင်ရေးလမ်း တိုးချဲ့ရန် မကြာသေးမီက ကမ်းနားလမ်း တလျှောက်တွင် မြေတိုင်းထွာမှုများကို ပြုလုပ် ခဲ့ကြောင်း ဦးဝင်းခန့် ကဆိုသည်။

ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်း အတွက် သယ်ယူ ပို့ဆောင်ရေး လမ်းတိုးချဲ့ရာတွင် သံလျှက်စွန်းရှိ ၀န်ထမ်း အိမ်ရာများ၊ ကုန်စည်သို လှောင်ရုံများ၊ ကီလီမော်တင်ရှိ ဥက္ကံ၊ တိုက်ကြီး၊ သုံးဆယ်သို့သွားသည့် ကားရပ်နားရာ စခန်းဝန်း၊ သီရိမင်္ဂလာဈေး၊ ဗဟိုစံပြ ငါး ဈေးတို့ကို ဖျက်သိမ်းမည်ဟု သိရှိကြောင်း ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမား တဦးကပြောသည်။

“ပထမမြေတိုင်း အဖွဲ့တွေ တိုင်းတော့ လူတွေလည်း ရုတ်ရုတ်သဲသဲပေါ့၊ အခုတော့ ကမ်းနားဘက်ကို မျက်နှာမူထားတဲ့ အိမ်တွေ မပါဘူးလို့ပြောတယ်”ဟု ၎င်းကဆိုသည်။

အေးရှားဝေါ ဆိပ်ကမ်း အဆောက်အဦးများ၊ မြန်မာ့ စက်မှုဆိပ်ကမ်း အဆောက်အဦ များသာ ကျန်ရှိ တော့မည် ဖြစ်ကြောင်း အဆိုပါ စာနယ်ဇင်းသမားက ဆိုသည်။

ကမ်းနားလမ်းတွင် ရှေးခေတ် ကိုလိုနီ လက်ထက်တွင် တည်ဆောက်ထားသည့် စာတိုက်ကြီး၊ လေယာဉ်ရုံး၊ ဗြိတိသျှ သံရုံး၊ အကောက်ခွန်ရုံး၊ ဆိပ်ကမ်းအာဏာပိုင်ရုံး၊ စထရင်းဟိုတယ် အပါအ၀င် ခြောက်ထပ်ကြီးရုံးတို့ ရှိသည်။

ထို့အပြင် ရန်ကုန်မြစ်၏ မုတ္တမ ပင်လယ်ကွေ့ အပြင်စည်းခုံ ရေလမ်းကြောင်းနှင့် အတွင်းစည်းခုံ ရေလမ်းကြောင်း တို့တွင် သောင်တူး ခြင်း၊ ရေကြောင်းထိန်းသိမ်းခြင်း၊ ရန်ကုန်မြစ်အတွင်း ၀င်ထွက် သွားလာနေသည့် ပြည်တွင်း၊ ပြည်ပ သဘောင်္များအား မြစ်ကြောင်း ထိန်းသိမ်းခ အခွန် ကောက်ခံခြင်းများကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကန်ထရိုက်စနစ်ဖြင့် လွှဲပြောင်းပေးမည်ဟု ပို့ဆောင်ရေး ၀န်ကြီး ဌာနက ပြောသည်။

ရန်ကုန် ဆိပ်ကမ်းသို့ အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာ ကုန်တန်ချိန် ၁၅၀၀၀ တင်ဆောင်သော သင်္ဘောများ ၀င်ထွက်နိုင်ပြီး သီလ၀ါ ဆိပ်ကမ်းသို့ ရေယာဉ်အလျားမီတာ ၂၀၀၊ ရေစူး ၉ မီတာနှင့် ကုန်တန်ချိန် ၂၀၀၀၀ ရှိသော သင်္ဘောများ ၀င်ထွက်နိုင် ကြောင်း သိရသည်။

မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလိုင်း ကိုလည်း စစ်အစိုးရက မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သို့ မကြာမီ လွှဲပြောင်းပေးရန် စီစဉ်နေ သည်ဟု ရိုက်တာ သတင်းတွင် ယနေ့ ဖော်ပြထားသည်။

စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်များ ပေးအပ်နေသည်မှာ ကောင်းမွန်သော်လည်း တိုင်းပြည်စီးပွားရေး နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုများ ရှိရန် ပိုမိုလိုအပ်ကြောင်း ပြည်တွင်းအခြေစိုက် စီးပွားရေးပညာရှင်တဦးကသုံးသပ်သည်။

ယခု နှစ်ဆန်းပိုင်းမှစ၍ စက်သုံးဆီ ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ တနိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင် ၂၄၆ဆိုင်၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းပေါင်း ၁၁၀ ၊ ရေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများ၊ သတ္တု တူးဖော်ရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ ရောင်းချခဲ့သည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: