2/17/2010

မြစ်ကြီးနားတွင် ကြံ့ဖွံ့အဖွဲ့ ပေါ်ပေါ်တင်တင် စည်းရုံးနေ

လင်းနိုင်ဦး | လာမည့် ရွေးကောက်ပွဲတွင် ၎င်းတို့၏ပါတီမှ ကိုယ်စားလှယ်များကို မဲပေးကြရန် ကြံ့ဖွံ့အဖွဲ့က မြစ်ကြီးနားမြို့၌ ပေါ်ပေါ်တင်တင် စည်းရုံးနေကြောင်း အန်ဒီအေ (ကချင်) မှ တပ်မှူးဟောင်းတဦးက ပြောသည်။

၎င်းက “မြစ်ကြီးနား မြို့ပေါ်မှာ ကြံ့ဖွံ့တွေရယ်၊ ကချင်ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီရယ် စည်းရုံးရေး ဆင်းနေ ကြတယ်။ တစညကတော့ ပထမ စည်းရုံးရေး ဆင်းနေရာကနေ ခု သူ့ အဖွဲ့အစည်းတွင်း အစည်းအဝေးတွေ လုပ်နေတော့ ခဏ နားထားတယ် ကြားတယ်။ ဒီအထဲမှာ ကြံ့ဖွံ့တွေကတော့ ဗြောင်ပဲ စည်းရုံးရေး လုပ်နေတယ်။ အစ္စလမ် ဘာသာရေး ကျောင်းတွေ၊ ခရစ်ယာန် အသင်းတော်တွေ၊ အခြား လူမှုရေး အဖွဲ့အစည်းတွေရဲ့ နေရာတွေ အပါအဝင် နေရာတကာမှာ လူစုဝေးစေပြီး သူတို့ဟာ ကချင် ပြည်နယ်ကို ဖွံ့ဖြိုး တိုးတက်အောင် ဘာတွေ လုပ်ပေးနေပါတယ်။ နောက်ထပ်လည်း လုပ်ပေးပါဦးမယ်။ ဒါကြောင့် သူတို့အဖွဲ့ကနေ ပေါ်ပေါက် လာမယ့် နိုင်ငံရေး ပါတီကို မဲပေးပါဆိုပြီး ပြောင်ပြောင်ပဲ စည်းရုံးရေးဆင်းနေတယ်” ဟု ပြောသည်။


၎င်း၏ ပြောပြချက် အရ ကြံ့ဖွံ့အဖွဲ့သည် မြစ်ကြီးနား မြို့ပေါ် သာမက တနိုင်း အပါအဝင် ဆော့လော်၊ မန်ကျီ မြို့နယ် များကိုလည်း အဖွဲ့လိုက် စည်းရုံးရေး ဆင်းနေကြောင်း သိရသည်။

အခြား အန်ဒီအေ (ကချင်) တပ်မှူးဟောင်း တဦးကလည်း နိုင်ငံရေးပါတီများ လာရောက် စည်းရုံးရေး ဆင်းနေကြကြောင်း အတည်ပြု ပြောကြားသည်။

အန်အယ်လ်ဒီမှ လွဲပြီး နိုင်ငံရေး ပါတီများ စည်းရုံးရေး ဆင်းနေကြကြောင်း၊ ကချင် ပြည်နယ်က ပြည်သူများမှာမူ စားဝတ် နေရေးကိုပဲ ရုန်းကန် နေရပြီး ပါတီကိစ္စများကို စိတ်မဝင်စားကြကြောင်း ဝိုင်းမော်မြို့ခံတဦးက ပြောသည်။

မြစ်ကြီးနားမြို့မှ ကချင် နိုင်ငံရေး သမားဟောင်းကြီး တဦးက “ရွေးကောက်ပွဲ ဥပဒေတွေ ဘာတခုမှ မထုတ်ပြန် သေးဘဲ အန်အယ်လ်ဒီ အပါအဝင် ပြည်သူတွေ ဘာစည်းရုံးခွင့်မှ လုပ်ကိုင်ခွင့် မရသေးဘဲ ကြံ့ဖွံ့လို အစိုးရ လက်ကိုင်တုတ် အဖွဲ့တွေက ဒီလို ပေါ်ပေါ်တင်တင် စည်းရုံး မဲဆွယ်နိုင် နေတာကို ကြည့်ခြင်းအားဖြင့် လာမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မှာ မဟုတ်ဘူး” ဟု သုံးသပ်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: