2/15/2010

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် ကင်တားနား တွေ့ဆုံ

ဝီရ | မြန်မာ နိုင်ငံသို့ ယနေ့ ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် ၎င်း၏ ပထမနေ့ ခရီးစဉ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် ယနေ့ ညနေပိုင်းတွင် (၁) နာရီကြာ တွေ့ဆုံခဲ့ကြသည်။

အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အဓိက အချက်အနေနဲ့ ကျနော်တို့ တင်ပြခဲ့တာ ကတော့ အခု ကျင့်သုံးနေတဲ့ တရားစီရင်ရေး စနစ်မှာ open court (အများ ကြားနားနိုင်တဲ့ တရား စီရင်ရေး) မဖြစ်တဲ့ အကြောင်းရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အခြေအနေတွေရယ်၊ နောက် တရား စီရင်ရေး လွတ်လပ်မှု မျှတမှုတွေ ဒီထက်ပိုရှိဖို့ လိုတယ်၊ ဒါမှသာ တရား ဥပဒေရဲ့ ခံစားခွင့်တွေ ရမယ်ဆိုပြီးတော့ ကျနော်တို့ ရှင်းပြခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ရန်ကုန်မြို့ မြရိပ်ညို ရွိုင်ရယ် ဟိုတယ်၌ မစ္စတာ ကင်တားနားနှင့် ယနေ့ ညနေ (၃) နာရီတွင် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာ ရှေ့နေကြီး ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ (၄) ဦး ဖြစ်သည်။

ဦးဉာဏ်ဝင်းက “မစ္စတာ ကင်တားနားက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တောင်းဆိုထားတယ်။ ခွင့်ပြုချက်ရရင် တွေ့မယ်လို့ ပြောပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့်ပတ်သက်၍ တရားစီရင်ရာတွင် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေသည့် အကြောင်းကိုလည်း မစ္စတာ ကင်တာနားက ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြသွားမည်ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

၎င်းက “မစ္စတာ ကင်တားနားက ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ဖြစ်တဲ့ ၁၉၇၄ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ဥပဒေဟာ တရားရုံးရဲ့ စီရင်မှု မပါဘဲနဲ့ ချုပ်နှောင်ထားခြင်း၊ ချုပ်နှောင်နိုင်တယ်ဆိုတဲ့ဟာက နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူး၊ ဆန့်ကျင်တယ်၊ ဒီကိစ္စတွေကို အစီရင်ခံစာထဲမှာ သူ ထည့်သွင်းဖော်ပြဖို့ ရည်ရွယ်ထားတယ်လို့ ပြောသွားပါတယ်” ဟု ပြောကြားသည်။

ကုလအထူးကိုယ်စားလှယ်သည် ယနေ့ နံနက် (၉) နာရီခန့်တွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ် (ရန်ကုန်) သို့ ဆိုက်ရောက်ခဲ့ပြီး နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ UNDP ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူအချို့တို့နှင့် သံတမန်တို့အား တွေ့ဆုံခဲ့သည်။

မစ္စတာ ကင်တားနားသည် နိုင်ငံတကာ စံညွှန်းနှင့် ဆန့်ကျင်နေသည့် ဥပဒေများကို ပြင်ဆင်ပေးရေး၊ စစ်တပ်အတွင်း လူ့အခွင့်အရေး အသိပညာပေး၍ ပြုပြင် ပြောင်းလဲ သင့်သည်များကို လုပ်ဆောင်ရေး၊ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာရေး၊ တရား စီရင်ရေးဆိုင်ရာ လွတ်လပ်မျှတမှု ရှိရေး စသည့် အချက် (၄) ချက်ကို လုပ်ဆောင်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆို ထားသည်။

၂၀၁၀ ခုနှစ်အတွင်း ကျင်းပမည့် မြန်မာ စစ်အစိုးရ၏ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ယခုနှစ်ဟာ မြန်မာ ပြည်သူတို့ အတွက် အရေးကြီးတဲ့နှစ် (၁) နှစ် ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မစ္စတာ ကင်တာနား၏ ခရီးစဉ်အတွင်း လာမည့် ကြာသပတေးနေ့တွင် အင်းစိန် ထောင်အတွင်းသို့ သွားရောက် နိုင်ရန်နှင့် တိုင်းရင်းသား ခေါင်းဆောင် အချို့နှင့် တွေ့ဆုံနိုင်ရန် စစ်အစိုးရအား တောင်းဆို ထားသည်။ ၎င်း၏ ခရီးစဉ် နောက်ဆုံးရက် သောကြာနေ့တွင် နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် ဝန်ကြီး အချို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရန်ကုန်အခြေစိုက် UNDP ရုံးမှ ဝန်ထမ်း တဦးက ပြောကြားသည်။

ယခု ခရီးစဉ်သည် ကင်တားနား အနေဖြင့် လာမည့် မတ်လ ကုလသမဂ္ဂ အစည်းအဝေးတွင် အပြုသဘော ဆောင်မည့် အချက်အလက်များ တင်ပြနိုင်ရေးအတွက် မြန်မာစစ်အစိုးရကလည်း လိုက်လျောမှုအချို့ လုပ်ဆောင် လာလိမ့်မည်ဟု နိုင်ငံရေး အကဲခတ်တို့က မျှော်လင့်နေကြသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: