2/26/2010

မြန်မာ အမျိုးသမီးများ သစ်လုပ်ငန်းခွင် အတွင်း ဘဝပျက်ကြရ

ပေါက်ပေါက် | ကချင် ပြည်နယ်၊ ဗန်းမော် ခရိုင် အတွင်း တရားမဝင် သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ထမင်းချက် အဖြစ် အလုပ်လုပ်နေကြသည့် ဒေသခံ အမျိုးသမီးများ တရုတ်နိုင်ငံသား သစ်လုပ်ငန်းရှင်များ၏ ဖြားယောင်းလိမ်ညာပေါင်းသင်းမှု ခံရပြီး ဘဝပျက်နေကြကြောင်း ဒေသခံများက ပြောသည်။

ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာမှ စ၍ မေလကုန် မိုးမကျမီ သစ်ထုတ်ယူသည့်ကာလအတွင်း တလ ကျပ် (၄၊ ၅) သိန်းအထိ ထမင်းချက် အဖြစ် ငှားရမ်းထားသည့် ဒေသခံ အမျိုးသမီးများကို တရုတ် သူဌေး လောပန်းများနှင့် သူဌေး ကိုယ်စားလှယ်များက လိမ်ညာ ပေါင်းသင်း နေကြကြောင်း သစ်လုပ်ငန်းခွင်နှင့် နီးစပ်သည့် ဗန်းမော်ဒေသခံတဦးက ပြောသည်။

၎င်းက “မိန်းကလေးတွေက ကချင် မလေးတွေ၊ ဗမာမလေးတွေ များတယ်။ တောထဲတောင်ထဲ ထမင်းချက်၊ ဟင်းချက် လိုက်ဖို့ ဆိုတော့ အရွယ်ရောက်တဲ့သူတွေပဲ လိုက်တာ။ အဲဒီမှာ တရုတ်သူဌေးက ငွေနဲ့ဆွယ်တာပဲဖြစ်ဖြစ်၊ တောတောင်ထဲမှာ အနေနီးစပ်လို့ပဲဖြစ်ဖြစ် ပေါင်းသင်းတာပေါ့။ တရုတ် နှစ်သစ်ကူး ပြန်လို့ပဲ ဖြစ်ဖြစ်၊ သစ် အဖမ်းအဆီး ရှိလို့ပဲ ဖြစ်ဖြစ် လောပန်းတွေ ပြန်ရင် သူတို့တွေလည်း လိုက်သွားကြတယ်။ ဟိုရောက်တော့ တရားဝင် မယားကြီးက ရှိနေတော့ နေလို့ မရတာကြောင့် နယ်စပ်မှာ တဝဲလယ်လယ် ဖြစ်ကျန်တာပေါ့။ ရွာပြန်ရင်လည်း လူပြောစရာဖြစ်နေပြီလေ။ အဲလိုနဲ့ ဘဝပျက်ကုန်တာ” ဟု ပြောသည်။

သစ်ရာသီတခုအတွင်း သစ်လုပ်ကွက်များအလိုက် နီးစပ်ရာ ဒေသ အတွင်းမှ အမျိုးသမီးများကို ငှားရမ်း နေခြင်း ဖြစ်ပြီး အရေအတွက်မှာ အနည်းဆုံး (၅ဝ) ခန့်ရှိမည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းက “တရုတ်သူဌေးတွေ၊ သစ်ကိုယ်စားလှယ်တွေကလည်း ဗမာစကားတို့၊ ကချင်စကားတို့ နည်းနည်းပါးပါးတတ်တယ်။ သူတို့က နှစ်တိုင်း ဒီလို သစ်ခုတ်နေတာဆိုတော့ စကားတတ်နေကြပြီ။ ပြီးတော့ ဒီမှာရှိတဲ့ ဒေသခံတွေထဲက သူတို့ မျက်စိကျတဲ့ ကောင်တွေကို လူယုံလိုလို၊ ကိုယ်စားလှယ်လိုလို မွေးထားတာ ရှိတယ်။ အဲဒီလူတွေက မိန်းကလေးတွေကို ရှာပေးနေတာ” ဟု ပြောသည်။

မံစီ၊ ဗန်းမော်နှင့် မဘိန်းမြို့နယ်အတွင်းမှ ယမန်နှစ် သစ်ခုတ်ရာသီတွင် နယ်စပ်သို့ရောက်ရှိလာသည့် အမျိုးသမီးအချို့မှာ လူပွဲစားများမှတဆင့် တရုတ်ပြည်အတွင်းသို့ ရောင်းစားခံရမှုများလည်းရှိသည်ဟု တရုတ်နယ်စပ်ရှိ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

၎င်းက “မိန်းကလေးတွေ ဒီနယ်စပ်မှာ သောင်တင် နေတတ်တယ်။ အိမ်က ပြန်လိုက်ခေါ်လို့ ပြန်သွားတာလည်း ရှိတယ်။ ဒီမှာ အလုပ်ရှာ နေတုန်း နေရေး ထိုင်ရေး ခက်တော့ နောက်ဆုံး လူပွဲစားတွေနဲ့ ချိတ်မိပြီး တရုတ် မယားလုပ်ဖို့ ကိုယ်တိုင် အရောင်းစား ခံလိုက်တာမျိုး ဖြစ်သွားတယ်။ အဓိကတော့ အဲလို ရောင်းစား ခံရတာလည်း ရှိတယ်။ ရတဲ့ငွေကို အိမ်ကို ပါးလိုက်ပြီး သူက အတွင်းထဲ လိုက်သွားတာ” ဟု ပြောသည်။

မြန်မာပြည်မှ မိန်းကလေးများကို တရုတ်ပြည် အတွင်းပိုင်းသို့ ခေါ်ယူ ရောင်းစားမှုများ ရှိနေပြီး ယမန် နေ့ထုတ် နအဖ သတင်းစာ များတွင် တရုတ် နိုင်ငံသို့ အမျိုးသမီးများ ရောင်းစား နေသည့် လူပွဲစားများအား မူဆယ်နှင့် လားရှိုးမြို့တို့၌ ဖမ်းဆီး ရမိထားကြောင်း၊ အဆိုပါ ရောင်းစား ခံရသည့် မြန်မာ အမျိုးသမီးများကို တရုတ် နိုင်ငံသားများက အဓမ္မထိမ်းမြား လက်ထပ် နေကြောင်း၊ လူပွဲစား၏ စည်းရုံးခံရမှုနှင့် လူကုန်ကူးမှု မခံရရေးအတွက် သက်ဆိုင်ရာက အသိပညာပေးနေကြောင်း ဖော်ပြထားသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: