2/23/2010

လိုင်စင်မဲ့ကား သယ်ယူမှု ဆက်လက်ရှိနေ

ခိုင်လင်း | လိုင်စင်မဲ့ ကားများကို ဖမ်းဆီး နှိမ်နင်းမှု ရှိနေသည့် ကြားမှ တရုတ်-မြန်မာ နယ်စပ် မူဆယ်မှ တဆင့် လိုင်စင်မဲ့ကား သယ်ယူမှုများ ဆက်လက် ရှိနေပြီး ရှမ်းပြည် မြောက်ပိုင်း ပြည်နယ် ရဲတပ်ဖွဲ့မှ အဓိက ပြုလုပ်ပေးနေသည်ဟု သိရသည်။

ယခုလ (၆) ရက်မှစ၍ ရှမ်းပြည် မြောက်ပိုင်း လားရှိုးနှင့် မူဆယ်မြို့တို့တွင် လိုင်စင်မဲ့ ကားများကို စတင် ဖမ်းဆီး ခဲ့သော်လည်း လားရှိုး အခြေစိုက် ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုစရိုက်နှိမ်နင်းရေး (ဒန) ဒု-ရဲအုပ်တဦးက ဦးဆောင်ကာ လိုင်စင်မဲ့ ကားများကို မူဆယ်မှ လားရှိုး အထိ အခကြေးငွေ ယူကာ သယ်ပေး နေသည်ဟု ကားပွဲစား တဦးက ပြောသည်။

၎င်းက “ဒန ဒု-ရဲအုပ် ဇော်နိုင်ဦးက အဓိက သယ်ပေးတာ။ မူဆယ်ကနေ လားရှိုးအထိ တစီး (၁၅) သိန်း သယ်ခ ပေးရတယ်။ အခုချိန်မှာ ဘယ်သူမှ ဝစ်သောက်ကား မစီးရဲဘူး၊ သူပဲ ကားထည်လဲစီးနေတာ၊ တာဝန်ကျတာက လားရှိုးမှာ။ မူဆယ်မှာရှိတဲ့ မူးယစ်အမှုနဲ့ သိမ်းထားတဲ့ အိမ်တွေမှာ နေပြီး ကယ်ရီလုပ်နေတာ။ ကား သယ်ချင်တယ် ဆိုရင် သူ့ကို သွားပြော၊ လမ်းမှာ အဖမ်းအဆီး လုံးဝမရှိစေရဘူး။ စိတ်ချရတယ်” ဟု ပြောသည်။

ယခုလ အတွင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်မြို့တို့မှ လိုင်စင်မဲ့ကား အစီး (၂ဝ)ကျော် ဖမ်းဆီး ထားပြီး ဆက်လက် ဖမ်းဆီးရန်ရှိကြောင်း ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။

တရုတ်ပြည်သို့ မြန်မာပြည် ဘက်မှ လာရောက် ဝယ်ယူမှုများ ရှိတတ်သည့် ယခုကဲ့သို့ တရုတ် နှစ်သစ်ကူး ကာလမျိုးတွင်ပင် ကားဈေးကွက် အေးနေသည်ဟု ကားပွဲစား တဦးက ပြောသည်။

၎င်းက “တရုတ်တွေက နှစ်သစ်ကူးမရောက်ခင် သူတို့ကားဟောင်းတွေ ပြန်ထုတ်ကြတယ်။ နှစ်သစ်မှာ ကားသစ်ပြန်စီးမယ်ဆိုတဲ့ သဘောပေါ့။ အဲဒီအချိန်စောင့်ပြီး လာဝယ်ကြတဲ့သူတွေ ဒီနှစ်တော့ သိပ်မရှိတော့ဘူး။ ဖမ်းတာ၊ ဆီးတာလည်း ရှိတယ်။ တဖက်က တော်တော်များများ စီးပွားရေး ကျတာလည်း ပါတယ်” ဟု ပြောသည်။

ကွန်တိန်နာဖြင့် သယ်လာသည့် ဂျပန်လုပ် တပတ်ရစ် ဇိမ်ခံကားများကို မူဆယ်မှ တဆင့် မြန်မာပြည် အတွင်းသို့ သယ်ယူနေကြပြီး ပြည်တွင်းရှိ ကားလေလံပွဲများတွင် လေလံအောင်ထားသည့် ကားများဖြင့် အစားထိုးနိုင်ရန် တင်သွင်း နေခြင်းလည်းဖြစ်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: