2/20/2010

လူကြိုက်နည်း စက်မှု (၁) စက်ဘီးကို ပြိုင်ပွဲဖြင့် အရောင်းမြှင့်

တက်လူ | စက်မှု (၁) စက်ဘီးများဖြင့်သာ ယှဉ်ပြိုင်ရမည့် စက်ဘီး ပြိုင်ပွဲကို ဖေဖော်ဝါရီ (၂၈) ရက်တွင် ရန်ကုန်မြို့၌ စက်မှု (၁) နှင့် ကြံ့ဖွံ့ အသင်းတို့က ပူးပေါင်း ကျင်းပမည်ဖြစ်သည်။

“ဒါက စက်ဘီး ပရိုမိုးရှင်းပွဲ သေချာပါတယ်။ စက်မှု (၁) စက်ဘီးကို ၀ယ်စီးသူ နည်းလို့ လုပ်တာလည်း ဖြစ်နိုင်တယ်။ စက်ဘီး ပြိုင်ပွဲကို ဖေဖော်ဝါရီ (၁) ရက်နေ့က စပြီး ၀ယ်ယူထားတဲ့ စက်ဘီးနဲ့ပဲ ၀င်ပြိုင်လို့ ရမယ်လို့ သိရတယ်” ဟု စက်ဘီး ပြိုင်ပွဲ အတွက် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ ပြည်တွင်း သတင်း အယ်ဒီတာ တဦးက ပြောသည်။

သို့သော် ရှင်းလင်းပွဲတွင် ပြိုင်ပွဲကို စက်ဘီး ပရိုမိုးရှင်း အတွက် ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ မျိုးဆက်သစ် လူငယ် စက်ဘီး အားကစားသမားများ ပေါ်ထွက်လာရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း စက်မှု (၁) ၏ စက်ဘီး စက်ရုံ တာဝန်ခံက ပြောကြား ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ရှိသူ တဦးက “ဒါက စက်မှု (၁) နဲ့ ကြံ့ဖွံ့က ၀င်ငွေရှာတာလို့ပဲ အကြမ်း ပြောနိုင်တာပေါ့ဗျာ။ အခု ကျနော်တို့ အသင်းမှာလည်း စက်ဘီးတွေ ရောင်းပေးတယ်။ ကျနော် သိတဲ့ စာရင်း အရတော့ ယောက်ျားစီး ဘီးနဲ့ မိန်းမစီး ဘီး စုစုပေါင်း အစီး (၂၀၀) ကျော်ပြီ ရောင်းထားတာ” ဟု ပြောသည်။

စက်မှု (၁) စက်ဘီး စက်ရုံ၏ ရန်ကုန် စက်ရုံမှူး ဦးမင်းအောင်က ပြိုင်ပွဲဝင်များအတွက် ရောင်းချရန် စက်ဘီးအစီး (၁,၀၀၀) ကျော် ရှိကြောင်း ပြောသည်။

“ရောင်းချပေးဖို့ အလုံအလောက် ရှိပါတယ်။ အရန်သင့် ဆိုင်တွေပေါ်မှာကတော့ အစီး (၆၀၀) လောက် ရောက်နေပါပြီ။ ကျား စီးဘီး တစီးကို (၄) သောင်းကျော်၊ မ စီးဘီး တစီးကို (၆) သောင်းကျော် ဈေးရှိပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ တနိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ်တို့မှ အမျိုးသား၊ အမျိုးသမီး မည်သူမဆို စက်မှု (၁) စက်ဘီးဖြင့် ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း ရန်ကုန်တိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ဝင်းက ပြောသည်။

ပြိုင်ပွဲတွင် အလွတ်တန်းနှင့် တိုင်းနှင့်ပြည်နယ် ကြည်း၊ ရေ၊ လေပြိုင်ပွဲဟု (၂) မျိုးခွဲထားကြောင်း၊ အလွတ်တန်းများ အတွက် ပထမဆု ကျပ် (၅) သိန်း၊ ဒုတိယဆု (၃) သိန်း၊ တတိယဆု (၂) သိန်းခွဲ၊ တိုင်းနှင့် ပြည်နယ်အတွက် ပထမဆု (၄) သိန်း၊ ဒုတိယဆု (၃) သိန်း၊ တတိယဆု (၂) သိန်း ပေးမည်ဟု ပြိုင်ပွဲ တာဝန်ရှိသူက ပြောသည်။

ဒဂုံတက္ကသိုလ်မှ စက်ဘီး အားကစားသမားဟောင်း တဦးက “အနည်းဆုံးတော့ စက်ဘီးရောင်းလို့ ရတဲ့ငွေဟာ သိန်းရာကျော်မယ်။ သူတို့က ပြိုင်ပွဲမှာ ပေးမယ့်ဆုတွေကို စပွန်ဆာတွေဆီက တောင်းဦးမှာ။ ရောင်းလို့ရတဲ့ငွေက သူတို့ငွေပဲ။ အားကစားကို မြှင့်တင် ပေးသလိုလိုနဲ့ အမြတ်ထုတ်တာ” ဟု ဝေဖန်ပြောဆိုသည်။

မောင်မြန်မာ စက်ဘီးပြိုင်ပွဲကို မန္တလေးတိုင်းတွင် ပြီးခဲ့သည့် ဇန်န၀ါရီက ကျင်းပခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: