2/17/2010

လူ့အခွင့်အရေး ကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသား အချို့နှင့် တွေ့ဆုံခွင့်ရ

ဝီရ | မြန်မာနိုင်ငံသို့ (၅) ရက်ကြာခရီးစဉ် အဖြစ် ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ရခိုင်ပြည်နယ် အနောက် မြောက်ပိုင်းရှိ စစ်တွေ အကျဉ်းထောင်သို့ သွားရောက် လေ့လာခွင့် ရရှိခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အချို့နှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သို့ လိုက်ပါသွားသူ ကုလသမဂ္ဂရုံး ရန်ကုန်ရှိ ပြန်ကြားရေး ဌာနမှ ဦ်းအေးဝင်းက “စစ်တွေထောင်မှာ နိုင်ငံရေး အကျဉ်းသား (၄) ယောက်နဲ့ မစ္စတာ ကင်တားနား တွေ့ခဲ့ပါတယ်။ ဦးကြည်သန်း၊ ပြည့်ဖြိုးလှိုင်၊ ဇော်ထွန်းမြင့်နဲ့ ဦးဇင်း တပါး တို့ကို တွေ့ခွင့်ရခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

စစ်တွေထောင်တွင် တွေ့ခွင့်ရခဲ့သူ ဦးကြည်သန်း (ခေါ်) ဦးသန်းတင်သည် အစာအိမ် အချဉ်ပေါက်သည့်ဝေဒနာ၊ အရေပြား ယားယံသည့် ဝေဒနာ ခံစားနေရသူ တဦးဖြစ်ပြီး အသေးလေး (ခေါ်) ပြည့်ဖြိုးလှိုင်သည်လည်း တီဘီ ရောဂါကြောင့် ဆေးရုံ တင်ခဲ့ရဖူးသူ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPPB က ဆိုသည်။

မစ္စတာ ကင်တားနားသည် လာမည့်မတ်လ ကုလသမဂ္ဂ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ တိုးတက် ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ အစီရင်ခံ တင်ပြရန်ရှိပြီး နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ၎င်း၏ ခရီးစဉ် မစတင်မီ ရက်ပိုင်းတွင် စစ်အစိုးရအား တောင်းဆိုခဲ့သည်။

ရန်ကုန်မြို့မှ မိုင် (၆၀၀) ခန့်ဝေးကွာသော ဘူးသီးတောင် အကျဉ်းထောင်သို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်သည် ယနေ့ သွားရောက်ရန် ရှိသည့် အတွက် နိုင်ငံရေး အကျဉ်းသမား အချို့နှင့် တွေ့ခွင့် ရလိမ့်မည်ဟု AAPPB က မျှော်လင့်နေသည်။

AAPPB ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က “ဘူးသီးတောင် ထောင်မှာ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုဌေးကြွယ်တို့၊ တိုင်းရင်းသား ခေါင်းဆောင် ဦးထွန်းညိုတို့လို အရေးပါတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်။ သူတို့နဲ့ တွေ့ခွင့်ရခဲ့ရင်တော့ ထောင်တွင်းမှာ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ၊ ပြီးတော့ ဥပဒေရေးရာ လမ်းကြောင်းက ဘယ်လို ချိုးဖောက် ခံနေရသလဲ ဆိုတာတွေ ကင်တားနား ကြားရမှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဘူးသီးတောင် အကျဉ်းစခန်းရှိ နိုင်ငံရေးအကျဉ်းသား (၂၀) ကျော်အနက် စည်သူမောင် (လိပ်ခေါင်း)၊ ကိုဌေးကြွယ် (အစာအိမ်နာနှင့် သွေးတိုး)၊ ကိုအောင်ဇော်ဦး (နှလုံးရောဂါ)၊ မိုးနိုင်စိုး (ဆီးချို၊ ဒူလာရောဂါ)၊ အရှင် အိန္ဒရိယ (Nervous Tension) စသည့် ရောဂါ ဝေဒနာ ခံစားနေရသူများ ပါရှိသည်။

ကိုတိတ်နိုင်က “ကင်တားနား တွေ့ခွင့်ရတဲ့ အပေါ် အကျဉ်းသား လွတ်မြောက်ရေး အတွက် လုပ်မပေး နိုင်ပေမယ့် အကျဉ်းထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက် ခံနေရတဲ့ ကိစ္စ တချို့တော့ အောင်မြင်မှု ရနိုင်မယ်လို့ ထင်တယ်။ ပြီးတော့ စစ်အစိုးရက တောက်လျှောက် ငြင်းလာနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူး ဆိုတဲ့ကိစ္စဟာလည်း ဒီလို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှု အောက်မှာ တင်းခံလို့ မရတော့ဘဲ အလိုလို လက်ခံလာမယ့် အခြေအနေ ကောင်းတွေ ဖြစ်လာမှာပါ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား (၂,၁၉၅) ဦးရှိပြီး ကျန်းမားရေး ချို့တဲ့နေသူ (၁၂၈) ဦးရှိကြောင်း AAPPB မှတ်တမ်းများ အရ သိရသည်။

မစ္စတာ ကင်တားနားသည် ၎င်း၏ ခရီးစဉ် အတွင်း အင်းစိန် အကျဉ်းထောင်သို့လည်း သွားရောက်မည်ဟု သိရသည်။

လူ့အခွင့်အရေး ကိုယ်စားလှယ်သည် ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိ လာပြီးနောက် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံး၌ ကိုယ်စားလှယ်များနှင့် နိုင်ငံခြား သံရုံးများမှ သံတမန် အဖွဲ့ဝင် (၃၆) ဦး၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ ခရိုင် တရားသူကြီးများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ ခဲ့သည်။

နောက်ဆုံးရက် သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စစ်အစိုးရထံ တင်ပြထားပြီး နေပြည်တော်ရှိ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် အချို့နှင့် တွေ့ဆုံရန်ရှိသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: