အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲ အတွက် လှုံ့ဆော်
တက်လူ | လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရုပ်ရှင် လောက သားများ အပါအ၀င် ပြည်သူ လူထုသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် အတွက် တိုင်းပြည် တည်ငြိမ် အေးချမ်းမှု၊ ဖွံ့ဖြိုး တိုးတက်မှုကို ယနေ့ မျက်မှောက် ကာလ ကဲ့သို့ အရှိန်အဟုန် မပျက် ဆက်လက်ပဲ့ကိုင် ဦးဆောင် စီမံ ခန့်ခွဲ သွားနိုင်မည့် အစိုးရ တရပ်ကို ရွေးချယ် ရတော့မည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောသည်။
ဖေဖော်ဝါရီ (၆) ရက် နေပြည်တော်တွင် ကျင်းပပြုလုပ်သော ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ကျင်းပသော ၂၀၀၇ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင်လည်း ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ သွားမည် ဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ရုပ်ရှင်လောကသားများ အနေဖြင့် ကျရာအခန်းကဏ္ဍမှ အုတ်တချပ်၊ သဲတပွင့်အဖြစ် တာဝန် ကျေပွန်စွာ ကြိုးပမ်း စွမ်းဆောင် သွားရမည်ဟု ထည့်သွင်း ပြောကြား ခဲ့သေးသည်။

အမည် မဖော်လိုသော အကယ်ဒမီဆုများရှင် ဒါရိုက်တာတဦးက “ဟုတ်လား။ ထည့်သွင်းပြောသွားလား မသိပါဘူး။ ၀န်ကြီး မိန့်ခွန်းကို ဘယ်သူမှ နားမထောင်ဘူး။ သူမပြောခင်ကပဲ အသင့်ပေးဝေထားတဲ့စာအုပ်မှာ အားလုံးပါပြီးသား။ ပြီးတော့ စကားပြောရင်လည်း စာဖတ်သလို ဖတ်တယ်၊ ဆွဲဆောင်မှုကိုမရှိတာ။ ပါတဲ့ စကားလုံးတွေကလည်း ကြည့်ဦးလေ၊ အချိန်တိုင်း တိုးတက်နေတာပဲ၊ ရုပ်ရှင်လောက အရမ်း တိုးတက်နေပြီလေ သူပြောတဲ့ အတိုင်းဆိုရင်။ ရုပ်ရှင်လောသားတွေကလည်း လူတွေပဲ။ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် လုပ်သွားမှာပဲ။ ဆိုလိုတာက ကိုယ်ပေးချင်တဲ့သူကိုပဲ မဲပေးသွားမယ်။ ခက်တာက ခုထိ ဘယ်သူ့ကို ပေးရမလဲ၊ ဘယ်သူတွေက ပါတီတွေထောင်ကြမလဲဆိုတာ မသိရသေးဘူး၊ သူတို့ပဲ မြင်နေရတယ်” ဟု ပြောသည်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ လက်ရှိ တာဝန် ထမ်းဆောင်နေသော အရာထမ်းတဦး၏ ပြောပြချက်အရ ရွေးကောက်ပွဲ အတွက် အနုပညာရှင် အားလုံးကို မဲဆွယ်စည်းရုံးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နာမည်ကြီး ဟာသ သရုပ်ဆောင် တဦးကမူ “ဒါတွေကို မပြောချင်ဘူးနော်၊ အရင်လည်း အထဲကိုဝင်ပြီးပြီ၊ ကြောက်လို့တော့ မဟုတ်ပါဘူး။ ပြည်သူ တယောက် အနေနဲ့ သေသေချာချာ ရွေးချယ်ခွင့်ရမှာလား အဲဒီ ရွေးကောက်ပွဲ ဆိုတာကို။ ဒါကို သိချင်တယ်။ ဘယ်သူတွေက ပြည်သူတွေ အတွက် အလေးအနက် ထားနေတာလဲ။ အသားလိုလို့ အရိုးတောင်း နေတာမျိုးဆိုရင်တော့ ကျနော် လုံးဝလက်မခံဘူး။ ခုလည်း ကြည့်လေ၊ ရန်ကုန်မှာ ဘာပဲ လုပ်လုပ် ကြံ့ဖွံ့ပဲ နာမည်ယူ နေတာပဲ မဟုတ်လား” ဟု ပြောသည်။
ဆင်ဆာ ဖြတ်တောက်ခြင်းများကို လျှော့ချကာ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့ ရုပ်ရှင် လုပ်ငန်းက တဆင့် ရုပ်ရှင် လောကသားများ အပေါ် မဲဆွယ် နိုင်ကြောင်း ရုပ်ရှင် ထုတ်လုပ်သူ တဦးက သုံးသပ်သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment