12/03/2009

ပြည်သူ့ စစ်ဖွဲ့ရန် လက်ခံ ထားသည့် ရာမည တပ်ဖွဲ့ ခေါင်းဆောင် စစ်အစိုးရ တပ်တွင် အကျယ်ချုပ် ချထား ခံရ

ဝီရ | ဌာနေ ပြည်သူ့စစ် ဖွဲ့စည်းရန် သဘာတူထားသည့် ရာမည မွန်တပ်ဖွဲ့၏ ခေါင်းဆောင်ကို မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၉) ၌ အကျယ်ချုပ် ထားရှိကြောင်း စုံစမ်းသိရှိရသည်။

ရာမည တပ်ဖွဲ့ ခေါင်းဆောင် နိုင်ရှောင်ကို စကခ (၁၉) အတွင်းရှိ အရာရှိတန်းလျားတွင် မိသားစုနှင့်အတူ ထားရှိခြင်းဖြစ်ပြီး ပြင်ပ ဧည့်သည်နှင့် တွေ့နိုင်ရန် စစ်တပ် တာဝန်ရှိသူ တို့ထံ ခွင့်တောင်း ရကြောင်း၊ တပ် အပြင်ဘက်သို့ ထွက်ခွင့် မရှိကြောင်း နိုင်ရှောင်နှင့် သွားရောက် တွေ့ဆုံခဲ့သူ တဦးက ပြောသည်။

၎င်းက “အပြင် ထွက်ခွင့် မပေးတာတော့ (၂) လနီးပါးရှိပြီ။ ဘယ်သူနဲ့ တွေ့ချင်လဲဆိုတာ စစ်တပ်က သက်ဆိုင်ရာကို သူ သွားပြောရတယ်။ စစ်တပ် တာဝန်ရှိသူ ကိုယ်တိုင် အဲဒီ ဧည့်သည်ကို သွားခေါ်လာပြီး တွေ့ခွင့် အများဆုံး (၁) နာရီပေးတယ်။ တပ်စခန်းအပြင်ကိုတောင် ထွက်ခွင့်မပေးတော့ နိုင်ရှောင်က အတော်လေး စိတ်ဓာတ် ကျနေတယ်။ သူနဲ့အတူ သူ့မိန်းမနဲ့ တပည့် တယောက်ပဲ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အသက် (၇၀) ကျော်နေပြီဖြစ်သည့် နိုင်ရှောင်သည် ရာမည တပ်ဖွဲ့ကို ဖွဲ့စည်းပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းတွင် ၎င်း၏ လက်အောက်ခံ တပည့် အချို့နှင့် နအဖစစ်အစိုးရထံ လက်နက်ချ ခဲ့သည်။

နိုင်ရှောင်နှင့်တွေ့ခဲ့သူက “သွားတွေ့ဖို့ တပ်က လာခေါ်တဲ့ အခါမှာ နိုင်ရှောင်နဲ့ ဘယ်တုန်းက စတွေ့ဖြစ်လဲ၊ ဘယ်လို ပတ်သတ်ခဲ့ဖူး သလဲ ဆိုတာက အစ နအဖစစ်တပ်တွေက အရင်မေးမြန်းနေတော့ နောက်ပိုင်း အခေါ်ခံရတဲ့ လူတွေက မသွားချင်ကြတော့ဘူး။ မသိဘူး၊ မပတ်သက် ခဲ့ဖူးဘူးလို့ ပြောပြီး အတွေ့ မခံကြတာလည်း ရှိတယ်။ ဒါက စကခ (၁၉) က ဗိုလ်မှူးချုပ် ချိုထွန်းအောင်ရဲ့ အမိန့်ပေါ့” ဟု ပြောသည်။

ပြည်သူ့စစ် ဖွဲ့စည်းရာတွင် တပ်တည်နေရာ ရွေးချယ်ခွင့်နှင့် မိမိ တပ်ဖွဲ့ဖြင့်သာ ဖွဲ့စည်းလိုကြောင်း အောက်တိုဘာလ အတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် တာဝန် ရှိသူတို့နှင့် တွေ့ဆုံခဲ့ချိန်၌ နိုင်ရှောင်က တောင်းဆိုပြီးနောက်ပိုင်း ၎င်း၏ သွားလာလှုပ်ရှားခွင့်ကို တားမြစ်လိုက်ပြီး ယခုကဲ့သို့ တပ်တွင်းတွင် အကျယ်ချုပ်ချလိုက်ခြင်းဖြစ်သည်။

မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “အခြား မွန်ခွဲထွက် အဖွဲ့ နိုင်အောင်နိုင်တို့ အဖွဲ့ကလည်း နိုင်ရှောင်ကို တွေ့ဖို့ စကခ (၁၉) ကို တောင်းခံတာ နှစ်ခါစလုံး ပေးမတွေ့ဘူးလို့ ကျနော်တို့ကြားရတယ်။ ဒီအဖွဲ့တွေ အချင်းချင်းပေါင်းပြီး ပြည်သူ့စစ်ဖွဲ့ဖို့ကိုလည်း နအဖက ခွင့်မပြုတဲ့ သဘောမှာ ရှိတယ်။ မွန်အမျိုးသား လက်နက်ကိုင်အဖွဲ့အစည်းငယ်တွေ ပေါင်းသွားမှာကိုလည်း နအဖက ကြောက်နေပုံ ရတယ်။ ဒါကြောင့် နိုင်ရှောင်ကို အပြင်မထွက်ခိုင်းတာ” ဟု ပြောသည်။

နိုင်ရှောင်သည် မွန်ပြည်သစ်ပါတီ၏ တပ်မှူးတာဝန်မှ အနားယူခဲ့သူတဦးဖြစ်ပြီး ရာမညတပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်အစိုးရထံ လက်နက်ချလိုက်သည့်အပေါ် မွန်အမျိုးသားတို့ စည်းလုံးညီညွတ်ရေးကို ဖြိုခွဲရာရောက်သဖြင့် ပါတီနှင့်လာရောက်ပူးပေါင်းရန် မွန်ပြည်သစ်က ကြေညာချက်ထုတ်၍ ဖိတ်ခေါ်ခဲ့ဖူးသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: