ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ကြောင်း အန်အယ်ဒီ ပြောဆို
ဖနိဒါ | ချင်းမိုင်(မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ် ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုကို ရပ်ဆိုင်းထားရသဖြင့် သူမ၏ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဖော် ပြောဆိုလိုက်သည်။
ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်၏ နေအိမ် ပြင်ဆင် နေသည်ကို အကိုရင်း ဦးအောင်ဆန်းဦးက ကန့်ကွက် ခြင်းကြောင့် ပြင်ဆင်မှု ယမန်နေ့က စ၍ ရပ်ထားရသည်။
“နဂိုကတည်းက လုံခြုံရေး အရလို့ ပြင်တာ အခု ပြတင်းပေါက်တွေ ဖြုတ်ထားတဲ့ အခြေအနေ။ ဘာမှ မတပ်ရသေးဘူး။ အဲဒီတော့ လောလောဆယ် ပြတင်းပေါက် တွေကို သစ်သားနဲ့ သံနဲ့ ရိုက်ပိတ်ထားရတဲ့ အခြေအနေ ရှိနေတယ်။ အရင်ထက် ပိုပြီးတော့ မကောင်းနိုင်ဘူးလေ။ အဲဒါ စဉ်းစားကြည့်လို့ ရပါ တယ်” ဟု ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အခြားသော ဖြစ်ထွန်းမှု တခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများလည်း ဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ် တို့သည် တက္ကသိုလ် ရိပ်သာလမ်းရှိ လူထု ခေါင်းဆောင်၏ နေအိမ်၌ ယနေ့ မွန်းလွဲ ၁ နာရီမှစပြီး ၂ နာရီကြာ တွေ့ဆုံခဲ့သည်။
ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အချုပ် ချမှတ်ထားသည့် အပေါ် ပြင်ဆင်ရန် အယူခံ နှင့်ပတ်သက်၍ အပြီးသတ် လျှောက်လဲချက်အတွက် ဆွေးနွေးကြခြင်း ဖြစ်သည်။
ဗဟို တရားရုံးက ဆင့်ခေါ်သည့် စာအရ လာမည့်အပတ် ရုံးဖွင့်ရက်တွင် တရားရုံးသို့ ရှေ့နေ ပါဝါလွဲစာတင်မှာ ဖြစ်သည်။
ပြီးခဲ့သည့် မေလဆန်းတွင် ခွင့်ပြုချက် မရဘဲ ဝင်ရောက် ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ကို ဧည့်ခံမှုဖြင့် ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်မှာ သြဂုတ်လ ၁၁ ရက်နေ့တွင် ဆိုင်းငံ့ ပြစ်ဒဏ် ၁၈ လ ကျခံခဲ့နေရသည်။
(ကိုဝိုင်း တည်းဖြတ်သည်)
source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment