တရုတ်-မြန်မာ ကုန်စည်ပြပွဲ ဖွင့်လှစ် ဗိုလ်ချုပ်မှူးကြီး သမက် တက်ရောက်
ပေါက်ပေါက် | နဝမ အကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ ဖွင့်ပွဲသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမက်ဖြစ်သူ တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းလည်း တက်ရောက် ခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူ ကုန်သည် တဦးက ပြောသည်။
၂ဝဝ၁ ခုနှစ်မှစ၍ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံဘက်၌ တလှည့်စီ ကျင်းပ နေသည့် တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲကို ယမန်နေ့က တရုတ်-မြန်မာ နယ်စပ် ကျယ်ဂေါင်မြို့ နိုင်ငံတကာ ကုန်သွယ်ရေး ကုန်စည် ပြပွဲစင်တာ၌ စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာဘက်မှ စီးပွားကူးသန်း ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် အောင်ထွန်းနှင့် တရုတ် နိုင်ငံဘက်မှ ယူနန် ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူးတို့ ဦးဆောင် တက်ရောက် ခဲ့ကြသည်။
“ဖွင့်ပွဲပြီးတော့ ပြခန်းတွေကို လူကြီးတွေ လိုက်ကြည့်တယ်။ သူ့ကို ဘယ်မှာ မြင်ဖူးသလဲလို့ ဇဝေဇဝါ ဖြစ်နေတာ။ နောက်မှ မင်္ဂလာဆောင် ခွေထဲက နံပါတ် ဝမ်းကြီးသမက် ဇော်ဖြိုးဝင်းမှန်း သိလိုက်တာ။ ပွဲမှာတော့ ဒု-ဝန်ကြီးပဲ စကားပြောတာ။ သူကတော့ မပြောပါဘူး” ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကုန်သည်က ပြောသည်။

ဦးဇော်ဖြိုဝင်းသည် ကုန်သွယ်ရေး ဝန်ကြီးဌာန လက်ထောက်ညွှန်မှူး အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သမီး မသန္တာရွှေနှင့် လက်ထပ် ခဲ့ပြီးနောက် နိုင်ငံခြားရေး ဌာနသို့ ရောက်ရှိကာ ယခု နှစ်လယ်ပိုင်းက တရုတ်ပြည်၊ ကူမင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးသို့ ရောက်ရှိလာသည်။
ယခု ကုန်စည်ပြပွဲတွင် ဆိုင်ခန်းပေါင်း (၅ဝဝ) ခန့်ရှိရာ မြန်မာဘက်မှ ဆိုင်ခန်း (၅ဝ) ဝန်းကျင်သာ လာရောက် ပြသခဲ့ပြီး လယ်ယာ ထွက်ကုန် ပစ္စည်းများ၊ ရေထွက် ပစ္စည်းများ အပါအဝင် တိုင်းရင်းဆေးများ ပြသထားသည်ဟု ပြပွဲသို့ သွားရောက် ခဲ့သည့် ဒေသခံ တဦးက ပြောသည်။
၎င်းက “ ပုဂ္ဂလိကပိုင်းက ထွန်းရွှေဝါ၊ မှန်ချို အဲလို တိုင်းရင်း ဆေးဝါးတွေလည်း လာတယ်။ ကော်ဖီမစ်၊ တီးမစ် အဲလိုဟာတွေ၊ သမဝါယမအသင်းတို့ လာပါတယ်။ အရင်လာနေတဲ့ လယ်ယာထွက်၊ ရေထွက် တွေပါပဲ။ အပြင်မှာတော့ ကျောက်မျက်ဆိုင်လေးတွေ ရှိတယ်။ အဲဒါကတော့ ဒီရွှေလီ၊ ကျယ်ဂေါင်က မြန်မာတွေ လာဖွင့်နေတာ။ တရုတ်ဘက်ကတော့ စက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ စားရေး ကိရိယာတွေ၊ ကွန်ပျူတာပစ္စည်းတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ဘူဒိုဇာတွေ၊ စားသောက် စရာတွေ အစုံပဲ” ဟု ဒေသခံတဦးက ပြောသည်။
ယခု ကုန်စည်ပြပွဲကို ယခုလ (၂) ရက်မှ (၆) ရက်အထိ (၅) ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ၂ဝဝ၈ ခုနှစ်အတွင်း (၂.၆၂၆) ဘီလီယံရှိခဲ့ရာ တရုတ် နိုင်ငံဘက်မှ (၁.၉၇၈) ဘီလီယံ တန်ဖိုး တင်ပို့ခဲ့သည်ဟု တရုတ်နိုင်ငံ၏ တရားဝင် စာရင်း ဇယားများတွင် ဖော်ပြထားသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment